Pages

Thursday, November 15, 2012

ဒေါ်စုနဲ့ တွေ့ဖို့ စိတ်လှုပ်ရှားစွာ ပြင်ဆင်နေကြပြီ


Friday, November 16, 2012

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံရတော့မှာမို့ ဒေါ်အောင်ဆန်းစုကြည်နေခဲ့တဲ့ လေဒီရှရီရမ်ကော

လိပ်က ကျောင်းသူလေးတွေ၊ ဆရာမတွေအပါအ၀င် အိန္ဒိယရောက်
မြန်မာဒုက္ခသည်မိသားစုတွေဟာ အင်မတန်စိတ်လှုပ်ရှားနေကြ
ပါတယ်။

“ကျမတို့ကျောင်းက ထွက်သွားတဲ့အင်မတန်ထူးချွန်တဲ့ကျောင်းသူ
တယောက်ဟာ ထင်ရှားကျော်ကြားတဲ့သူတယောက်ဖြစ်ခဲ့ပြီး အခုလို
ကျောင်းကို ပြန်လာလည်မယ်ဆိုတော့ ကျမတို့ သိပ်ဝမ်းသာသလို စိတ်လည်း သိပ်လှုပ်ရှားပါတယ်။ သူဟာ သာမန်ကျော်ကြားသူတယောက်
မဟုတ်ပါဘူး။ သူဟာ သူ့နိုင်ငံက အမျိုးသမီးတွေအပါအ၀င် တကမ္ဘာလုံးမှာ
ရှိတဲ့ အမျိုးသမီးတွေအားလုံးကို ခွန်အားဖြစ်စေတဲ့သူပါ” လို့ လေဒီရှရီ
ရမ်ကောလိပ်က ကျောင်းအုပ်ကြီး မီနာခ်ရှီ ဂိုပီနားသ်က ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရောက်လာရင် သူအထူးစိတ်လှုပ်ရှား ၀မ်းမြောက်
စေမယ့် လက်ဆောင်တွေကို ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

ကျောင်းသူလေးတွေကတော့သူတို့ လေးစားအားကျရတဲ့ ဒေါ်အောင်ဆန်း
စုကြည်နဲ့တွေ့ရတဲ့အခါ သူ့ရဲ့ဘ၀တလျှောက်လုံး မိသားစုကိုစွန့်လွှတ်ပြီး
နိုင်ငံအရေးကို ဦးစားပေးနိုင်လောက်တဲ့ သတ္တိနဲ့စွမ်းအင်တွေ ဘယ်လိုရ
လာလဲဆိုတာကို မေးကြမယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လေဒီရှရီရမ် ကောလိပ်ကနေအပြန်မှာ သူ့ရဲ့ရံပုံငွေတွေနဲ့ မတည် တည်ထောင်ထားတဲ့ ဒုက္ခသည် လူငယ်တွေ ပညာသင်ကြားရာ Prospect Burma ကျောင်းကိုသွားမှာပါ။ အဲ့ဒီကျောင်းမှာက အင်္ဂလိပ်စာနဲ့ကွန်ပြူတာအခြေခံတွေကို အခမဲ့ သင်ကြားပေးပါတယ်။

ပြီးရင်တော့ မြန်မာမိသားစုတွေနဲ့ တွေ့ဖို့ ဗီဂက်စ်ပူရီအရပ်က
အောက်စဖို့အထက်တန်းကျောင်းကို သွားပါမယ်။ အောက်စဖို့
အထက်တန်းကျောင်းကို မြန်မာပြည်ဖွား အိန္ဒိယနွယ် ဦးမောသီရိဆိုသူက တည်ထောင်ထားတာပါ။

သူဟာ မြန်မာပြည်ကို သံယောဇဉ် ကြီးလွန်းသူဖြစ်တာကြောင့် သူ့ကျောင်းမှာ မြန်မာနိုင်ငံသား ဒုက္ခသည်ကလေးငယ်တွေကို
ကျောင်းစရိတ်ကင်းလွတ်ခွင့်ပေးပြီး ကျောင်းနေခွင့်လည်း ပေးထားတာပါ။

မြန်မာဒုက္ခသည် မိသားစုတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ စိတ်လှုပ်ရှားမှု ကိုယ်စီတွေနဲ့ စောင့်မျှော်နေကြပါတယ်။

“အပြင်မှာ တခါမှ မတွေ့ဖူးတာ အခု အန်တီစုနဲ့တွေ့ရမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ သူနဲ့ စကားပြောခွင့်၊ မေးမြန်းခွင့်တော့ ရမယ်မထင်ပါဘူး။ စကားမပြောရဘူးလို့ ဆရာတွေက ပြောထားပါတယ်။ ခွင့်ရရင်တော့ အန်တီရဲ့ရံပုံငွေနဲ့ သမီးတို့ မတတ်တဲ့ပညာတွေ အခမဲ့ ပညာသင်ခွင့်ရလို့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ Prospect Burma ကျောင်းမှာ အင်္ဂလိပ်စာသင်နေတဲ့ ကျောင်းသူလေး
တယောက်က ပြောပြပါတယ်။

“အန်တီစုနဲ့တွေ့ရမယ်ဆိုတော့ တအားစိတ်လှုပ်ရှားနေတာ။ ဒီည အိပ်တောင်ပျော်ပ့ါမလား မသိဘူး။ သူက ၁၁ နာရီခွဲလောက်ရောက်
မယ်ပြောတယ်။ ဒါပေမယ့် မနက် ၈ နာရီလောက်ကတည်းက ထပြီး
ပြင်ဆင်ရမယ်။ ကျမတို့ အိမ်နားက အမဆိုရင် သူက အလှပြင်ပေး
တတ်တော့ သူ့ဆီမှာ မနက်အစောကြီးကတည်းက အလှလာပြင်မယ့် အမျိုးသမီးတွေ တန်းစီနေတယ်လို့ ပြောပြတယ်။ ကျမလည်း သူနဲ့တွေ့
ရမယ်ဆိုတော့ အတတ်နိုင်ဆုံး မြန်မာဆန်ဆန်လေး ၀တ်စားပြီး သွားဖို့ ပြင်ဆင်ထားပါတယ်” လို့ အောက်စဖို့ကျောင်းကိုသွားမယ့်
မြန်မာဒုက္ခသည်အမျိုးသမီးတယောက်ကလည်း ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယရောက် မြန်မာမိသားစုတွေ တွေ့ဆုံဖို့ အချိန်ဟာ မိနစ် ၃၀ နီးပါးပဲ ရတယ်လို့ သိရပါတယ်။ သူနဲ့တွေ့တဲ့အခါ
မြန်မာမိသားစုတွေက ပန်းစည်းတွေနဲ့ ကြိုဆိုနှုတ်ဆက်မယ်လို့ ဆိုပါ
တယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန်မှာ တောက်လျှောက် အားပေးခဲ့တဲ့၊ မြန်မာ့ဒီမိုကရေစီရေးကို အမြဲတစေ ကူညီ
ထောက်ပံ့ခဲ့တဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။

irrawaddy

0 comments:

Post a Comment