Pages

Wednesday, November 21, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ပြည်သူတွေက လှိုက်လှဲစွာ ကြိုဆိုမှာ ဖြစ်ကြောင်း မစ္စတာ ကာရာကေတာ ပြောကြား


Wednesday, November 21, 2012

၁၂ နှစ်နီးပါး ပြည်ဝင်ခွင့် ပိတ်ခံထားခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်
ဝင်ရောက်ခွင့်ရခဲ့သည့် တီဗီ အဆာဟိ သတင်းဌာနမှ သတင်းထောက် မစ္စတာ ကာရာကီတာနှင့် တွေ့ဆုံခဲ့ရာမှ မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။ မစ္စတာ ကာရာကီတာသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း
မြန်မာ့နိုင်ငံရေး အခြေအနေများကို တီဗီအဆာဟိ မှတစ်ဆင့် ရုပ်သံထုတ် လွှင့်မှုများ တင်ဆက်ခဲ့သူ ဖြစ်ပြီး ယခုပြည်ဝင်ခွင့် ပြန်လည်ရရှိချိန်တွင် တီဗီအဆာဟိမှ တစ်ဆင့် မြန်မာနိုင်ငံ လက်ရှိအခြေအနေများကို ထုတ်လွှင့်
ပြသနိုင်ရန် ကြိုးပမ်းနေသူ ဖြစ်ပါသည်။

တီဗီ အဆာဟိ သတင်း ဌာနမှ သတင်းထောက် မစ္စတာ ကာရာကီတာ

မေး။ ။ မြန်မာပြည် မရောက်တာ ဘယ်လောက်ကြာပြီလဲ။အခုပြန်ရောက်
တော့ ဘယ်ထူးခြားမှု ဘယ်ပြောင်းလဲမှု ရှိပါလဲ။

ဖြေ။ ။ ကျွန်တော် နောက်ဆုံး ရောက်ခဲ့တာ ၂ဝဝဝ လား ၂ဝဝ၁ လား မမှတ်မိတော့ပါဘူး။ အခု ၂ဝ၁၂ ခုနှစ် ဂျပန်ကနေ ပြီးတော့ ဒီကိုရောက်
ချိန်မှာ လေယာဉ်ကွင်းက ပုံသဏ္ဌာန်ပြောင်းလဲသွားတယ်။လေဆိပ်ကနေ လာတဲ့လမ်းမှာ ကားတွေက အရင်ကထက်ကို ပိုများလာတာ သတိထား
မိတယ်။ Juntion Square ကို သွားတဲ့အခါမှာ အရင်က မတွေ့ဖူးတဲ့ အခြား နိုင် ငံတွေက တင်သွင်းတဲ့ အထည်တွေ ရောင်းချနေတာ တွေ့ရ တယ်။ အများကြီး ပြောင်းလဲလာပါတယ်။ ဒါပေမယ့် အရင်ရောက်ခဲ့တဲ့ အချိန် နဲ့ အခုရောက်တဲ့အချိန် ၁ဝ နှစ်အတွင်းမှာ ပြောင်းလဲလာတဲ့ နှုန်းဟာ
သာမန်ပြောင်းလဲမှုပဲ ဖြစ်တယ်လို့ ထင်တယ်။ သဘောကတော့ မြန်မာ
နိုင်ငံ ပြောင်းလဲသွားတယ်ဆိုတာ အရမ်းကြီး ချက်ခြင်းကြီး ဝုန်းခနဲ ဒိုင်းခနဲ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ၁ဝ နှစ်အတွင်းမှာ တခြားနိုင်ငံ
ပြောင်းလဲမှုမျိုးပဲ။ ဒါက သာမန်ပဲ။ ဒီပြောင်းလဲမှု မျိုးထက် ဘာကို ပိုပြီးတော့ စိတ်ဝင်စားသလဲဆိုတော့ လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းကကျွန်တော်
ဟာ အမည်မည်းစာရင်းထဲမှာ ပါတဲ့သူ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို လာခွင့်မရခဲ့ဘူး။ အခု အမည်မည်းစာရင်းက ပယ်ဖျက်လိုက်တော့
မြန်မာနိုင်ငံကို လာခွင့်ရခဲ့တယ်။ ဒါဟာ ထူးခြားတဲ့ အပြောင်းအလဲပါပဲ။ ခုနက ပြောတဲ့ ပြောင်းလဲလာတယ်ဆိုတဲ့ဟာက နိုင်ငံခြားသားရဲ့ အမြင်ပါ။

မေး။ ။ အခြား နိုင်ငံရေး ပြောင်းလဲမှုကိုရော ဘယ်လိုထင်လဲ။

ဖြေ။ ။ စီးပွားရေး အနေနဲ့ အခုလို ပြောင်းလဲတာကတော့ တကယ်ပဲ
ပြောင်းလဲတာလား။ ပြောင်းလဲဖို့ တာစူနေ တာလား။ အသေအချာ မပြောနိုင်ပါဘူး။ အမြင်မှာတော့ အဆောက်အဦတွေက အမြင့်ကြီး
ဖြစ်လာတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာ အများကြီး တွေ့ရတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတွေ့ ရတယ်။ မှန်လား မမှန်လား မသိဘူး။ ဒါပေမယ့် နိုင်ငံရေးနဲ့ ပတ်သတ်လို့ ဘယ်လိုထင်လဲဆိုတော့ အရင်တုန်းကတော့ ဒေါ်အောင်ဆန်း စုကြည်တို့လို ပုဂ္ဂိုလ်တွေကို စာမျက်နှာပေါ်မှာ တင်ဖို့ လုံးဝစဉ်းစားလို့ မရဘူး။ ရေးဖို့တွေ ဘာတွေဆို လုံးဝကို မရခဲ့ဘူး။ အခုတော့ အဲဒီလိုမျိုး ခွင့်ပြုလာတယ် ဆိုတာ
မြင်ရတယ်။ အဲဒီအတွက် အခွင့်အရေးတွေ ပိုပြီး ရမယ်ဆိုရင် ကောင်းမယ်။

မေး။ ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ကြားဖြတ် ရွေးကောက် ပွဲမှာ အနိုင်ရပြီးတော့ လွှတ်တော်ထဲ ရောက်သွား တဲ့အချိန်မှာ
နိုင်ငံတကာက အကူအညီတွေ အများကြီး ဝင်လာတာ တွေ့ရတယ်။ ဂျပန်နိုင်ငံက လည်း အခုအချိန်မှာ အရင်ကထက် ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံတာ တွေ့ရတယ်။ အထူးသဖြင့် ကြွေးငွေတွေ လျော်ပစ်တာ
တွေ့ရတယ်။ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတွေထက် ပိုပြီး ရင်းနှီးတယ်လို့ မြင်ရတယ်။ အဲဒီအပေါ် ဂျပန်နိုင်ငံသား တစ်ယောက်ရဲ့ အမြင်ကို ပြောပါဦး။

ဖြေ။ ။ တစ်ချိန်တုန်းက၊ ဂျပန်တွေ စစ်တိုက်တဲ့ အချိန်တုန်းက၊ သူတို့ စိတ်ထဲမှာ ဗမာတွေက ဆိုးသွမ်းတဲ့ လူလို့ ထင်ကြ တယ်။ အမှန်တကယ်က ဗမာတွေက အင်မတန်မှ ကြင်နာတတ်တယ်။ အရမ်းကို နွေးထွေးတယ်။ ပြီးတော့ ဦးနှောက် လည်း ကောင်းတယ်။ လက်မှုပညာတွေမှာ ထွန်းကားတယ်။ အဲဒီအတွက် ဒီလို လူမျိုးတွေနဲ့ ဂျပန် လူမျိုးက ခင်ချင်တယ်။ ပတ်သက်ချင်တယ်။ မြန်မာတွေကို အထင်ကြီးတယ်။ ဂျပန်တွေက အရင်ကတည်း က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင် ကြတယ်။ အဲဒီ အချိန်မှာ ဂျပန်က အမေရိကန်နဲ့ မျက်နှာပျက်လို့ မရ ဘူး။ အမေရိကန်က ပြောတယ်။ ဗမာပြည်မှာ မမြှုပ်နှံရ ဘူးတဲ့။ ဂျပန်က လာလို့မရဘူး။ လာချင်ပေမယ့် လည်း အကန့်အသတ်တွေ ရှိတယ်။ အခု ရင်းနှီးမြှုပ်နှံလို့ ပြောတဲ့ အချိန် ကြတော့ ဂျပန်တွေက တခြားနိုင်ငံ တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ပြီးနေပြီ။ နောက် ကျနေပြီ။ ဗမာပြည် လာပြီး ရင်းနှီးမြှုပ်နှံဖို့က နောက်ကျသွားပြီ။ တခြား နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံပြီး ဖြစ်နေတာမို့ ပိုပြီး မြှုပ်နှံချင် ပေမယ့်လည်း မြှုပ်နှံ သင့်သလောက် မမြှုပ်နှံနိုင်တော့ဘူး။ မနေ့က Junction Square မှာ ဈေးရောင်းတဲ့လူ ၂ ယောက်က ကျွန်တော့်ကို ကိုရီးယားလားလို့ မေးတယ်။ ကျွန်တော်စိတ်မကောင်း ဘူး ။ ဂျပန်လို့ မထင်ဘူးတဲ့။ ကိုရီးယားတွေကို ဂျပန် တွေထက် ပိုရင်းနှီးတယ်တဲ့။ အဲဒီအတွက်ပိုပြီး ကျွန်တော် ဝမ်းနည်းတယ်။ ဗမာလူမျိုး တွေကကော ဂျပန် လူမျိုးနဲ့ အလုပ် လုပ်ချင်လိုက်တာ ဆိုတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်မျိုး ရှိသလား။ ဂျပန်တွေကို ချစ်ရဲ့လား။ အဲဒါ ကျွန်တော် သိချင်ပါတယ်။

မေး။ ။ ဂျပန်ကို သဘောကျပါတယ်။ စီးပွားရေးကို ဂျပန်နဲ့ ပိုလုပ်ချင်ပါတယ်။ ကိုရီးယားကို အကျွမ်းဝင်တယ် ဆိုတာ က မြန်မာနိုင်ငံဟာ ကိုရီးယားနဲ့ ဆက်ဆံမှု ပိုများလာတဲ့ အတွက် သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့ ထုံးစံတွေ လွှမ်းမိုးခံရပြီး ကိုရီးယားတွေကို ပိုရင်းနှီးနေတာပါ။ အမှန်တကယ်က လွတ်လပ်ရေးရပြီး နောက်ပိုင်း
မြန်မာနိုင်ငံ မှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ကိုရီးယားထက် ပိုစောပါတယ်။ ဂျပန် ထုတ်ကုန်ပစ္စည်းတွေကို မြန်မာတွေက ရင်းနှီးပြီး
သားပါ။ အခုလောလောဆယ်ဂျပန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်
သွားရောက်ဖို့လည်း ရှိပါတယ်။ အဲဒီအချိန် ကျရင် ဂျပန်ပြည်သူတွေ ကရော ဘယ်လိုကြိုဆိုကြမှာလဲ။

ဖြေ။ ။ ဂျပန်ပြည်သူတွေက လှိုက်လှဲ ဝမ်းသာစွာ ကြိုဆိုကြမှာပါ။ ဘာကို စိတ်ပူလည်း ဆိုတော့ ဒေါ်အောင် ဆန်းစုကြည်က ဂျပန်မှာ ကျောင်းတက်
ခဲ့တာ အချိန်အကြာကြီး မရှိခဲ့ဘူး။ အကြောင်းတစ်ခု ရှိလို့ဖြစ်မယ် ထင်တယ်။ ကျောင်းကို ပြီးအောင် မတက်ဘဲ ပြန်သွားတယ်လို့ ထင်တယ်။ ဘာလို့ ပြန်သွားတာလည်း လို့ စိုးရိမ်တယ်။ ဂျပန်ကို မကြိုက်လို့လား။ ဘာဖြစ်လို့ ခဏလေး နေပြီး ပြန်သွားတာလဲ။ တခြား နိုင်ငံတွေမှာ
ကျောင်းတက်ရင်တော့ အကြာကြီး တက်ခဲ့တယ်။

မေး။ ။ ဂျပန်နိုင်ငံသား တစ်ယောက် အနေနဲ့ မြန်မာပြည်သူတွေကို ဘာများ ပြောလိုပါသလဲ။

ဖြေ။ ။ ပထမဆုံး ပြောချင်တာကတော့ အရင်တုန်းက ဂျပန်တွေ လုပ်ခဲ့တဲ့ အပြုအမူတွေကြောင့်မို့လို့ ကျွန်တော် စိတ်မကောင်းဘူး အပြစ်ရှိတယ်လို့ပဲ ခံစားနေရတယ်။

နောက်တစ်ခုက ဂျပန်တွေ စစ်ရှုံးတုန်းက တချို့ဗမာတွေက အရမ်းကို ကြင်နာပြီးတော့ ပြုစုစောင့်ရှောက်ခဲ့တယ်။ အဲဒီ အတွက် ကျေးဇူးတင်
ပါတယ်။ နောင်ဆိုရင် ဂျပန်နဲ့ ဗမာဟာ ပိုပြီး ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံများ
ဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။ မြန်မာနိုင်ငံ တိုးတက်မှုတွေ တွေ့ နေ
ရပေမယ့်လည်း အရင်တုန်းက မြင်တွေ့ ခဲ့ရဖူးတဲ့ သစ်ပင်သစ်ရိပ်တွေ နဲ့ မြန်မာနိုင်ငံနဲ့ တော့ မတူတော့ဘူး။ လေကောင်းလေသန့် ဝအောင် မရှုရတော့ ဘူး။ လေထုညစ်ညမ်းမှုတွေ တွေ့ လာရတယ်။
အဲဒီပုံရိပ်လေးတွေ ပျောက်သွားတယ်။ အဲဒါ အတွက် တော့ နှမြော
မိပါတယ်။

မစ္စတာ ကာရာကေတာ သည် ဂျပန်နိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီ အင်အားစုများကို ကူညီပံ့ပိုး စောင့်ရှောက် ခဲ့သူတစ်ဦးဖြစ်ပြီး ယခုလက်ရှိ Asia Watch ရဲ့ မလေးရှား ရုံးခွဲတွင် တာဝန် ထမ်းဆောင်နေသည် ဟု သိရပါသည်။

MIJ Independent

0 comments:

Post a Comment