Pages

Sunday, November 18, 2012

ရန်ကုန်သို့ နေ့ချင်းအရောက်သွားနိုင်မည့် မြ၀တီ-သင်္ဃန်းညီနောင် -ကော့ကရိတ် ဒုတိယလမ်းသစ် စတင်ဖောက်လုပ်


Sunday, 18 November 2012 

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအတွက် အဓိကအရေး
ပါသော မြ၀တီ-ကော့ကရိတ် ဒုတိယမြောက် ဒေါနတောင်ရှောင်ကွင်း
လမ်းပိုင်းနှင့် လမ်းဟောင်းပြုပြင်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံ SEE SANG YOTHA ကုမ္ပဏီလီမိတက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်လုပ်ဆောင်
နေပြီဖြစ်ပြီး အဆိုပါလမ်းသစ် ပြီးစီးပါက မြ၀တီမှရန်ကုန်သို့ နေ့ချင်းအရောက်
သွားလာနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ချစ်ကြည်ရေးတံတားထိပ်ကနေ သင်္ဃန်းညီနောင် မိုင်တိုင်အမှတ် ၉၂/၇ အထိ လမ်းဟောင်းပြုပြင်ရေး အပိုင်းနဲ့ လမ်းသစ်ဖောက်လုပ်ရေး အပိုင်းကို အဆိုင်းတွေခွဲပြီး လုပ်ဆောင်နေပါတယ်။ စီမံကိန်းကို ထိုင်းနဲ့ မြန်မာ
အင်ဂျင်နီယာတွေ ပူးတွဲတာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု လမ်းဟောင်းပြုပြင်ရေးလုပ်ငန်း လုပ်ဆောင်နေသူ မြန်မာအင်ဂျင်နီယာ
တစ်ဦးက ပြောပါသည်။

မြ၀တီ-သင်္ဃန်းညီနောင် လမ်းဟောင်းပြုပြင်ရေး လုပ်ငန်းများကို ယင်းလမ်းပေါ်ရှိ ရွာသစ်ကျေးရွာမှ စတင်လုပ်ဆောင်နေသလို ဒုတိယ လမ်းသစ်ဖောက်လုပ်ခြင်းကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ လက်ရှိသွားလာနေသော သင်္ကန်းညီနောင်-ကော့ကရိတ် ဒေါနတောင်ကျော် လမ်းပိုင်းမှာ ခရီးမိုင် ၃၀ သာ ရှိသော်လည်း လမ်းကျဉ်းအကွေ့ အကောက် များခြင်းတို့ကြောင့် ယာဉ်တန်း အတက်တစ်ရက် အဆင်းတစ်ရက် သွားလာနေရပြီး ယာဉ်မောင်းချိန် သုံးနာရီကျော် ကြာမြင့်သလို တစ်ခါ
တစ်ရံ တစ်ရက်လုံးလုံး ယာဉ်ကြော ပိတ်ဆို့နေတတ်သည်။

ယခုဖောက်လုပ်မည့် ဒုတိယလမ်းမှာ ၁၈ မိုင် ရှည်လျားမည်ဖြစ်ပြီး
တောင်တက်တောင်ဆင်း နည်းကာ နှစ်လမ်းသွား၊ လမ်းအကျယ် ၁၀ မီ တာရှိကာ နိုင်လွန်ကတ္တရာလမ်း အမျိုးအစား ဖြစ်ခြင်းကြာင့် ယာဉ်မောင်းချိန် နာရီဝက်ကျော်သာ ကြာမြင့်မည်ဟု မြ၀တီ- ဘားအံ ယာဉ်မောင်းတစ်ဦးက
ပြောပါသည်။

ထိုင်း-မြန်မာ-အိန္ဒိယ လမ်းပိုင်း စီမံကိန်း၏ ဘီအဆင့် ဒုတိယလမ်းပိုင်းအား
ရွေးချယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလ သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းထက် ၁၂ မိုင် တိုတောင်းသွားမည်ဖြစ်သည်။ သင်္ဃန်းညီနောင်-ကာ့ကရိတ် ဒုတိယလမ်းမှာ ဒေါနတောင်ကို ရှောင်ကွင်းကာ သင်္ဃန်းညီနောင်ရွာအနီး မိုင်တိုင်အမှတ် ၉၂/၇ မှစတင်ကာ တတံကူး-ကော့နွဲ့၊ ချောင်းတောင်-လှိုင်ဝရွာ မိုင်တိုင်အမှတ် ၆၃/၄ တွင် လက်ရှိလမ်းဟောင်းနှင့် ပေါင်းဆုံမည်ဖြစ်ပြီး ယင်းလမ်း ဖောက်လုပ်ပြီးစီး
သွားပါက ရန်ကုန်မြို့သို့ နေ့ချင်းအရောက် သွားနိုင်တော့မည်ဟု သိရှိရသည်။

Eleven Media Group

0 comments:

Post a Comment