Pages

Sunday, November 18, 2012

မနောမြေကို ငဲ့ကြည့်ပေးပါ



 Sunday, 18 November 2012 at 13:35 ·

ကချင်ပြည်နယ် အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ၊ ဇွန်လ အတွင်း ပြန် လည် စတင်ခဲ့သည်။ ထိုသို့ စတင်ခဲ့ခြင်း သည် KIA  နှင့် တပ်မတော် အကြား ပဋိပက္ခ ဖြစ်ပွားမှု နှစ်ပေါင်း ၆၀ ကျော် အတွင်း အရှည်ကြာဆုံး ပြည်တွင်းစစ် အနေဖြင့် ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲများသည် ဗန်းမော် ခရိုင် ၊ မိုးမောက် မြို့နယ်တွင် စတင်ခဲ့ကာ နောက်ပိုင်း၌ မြစ်ကြီးနား ၊ ဖားကန့် မြို့နယ်များ အထိပါ ဆက်တိုက် ဖြစ်ပွား ခဲ့သည်။ KIA အမည်ခံ သောင်းကျန်းသူ များ၏ နှောက်ယှက် ဖျက်ဆီးမှု များ ကြောင့် ကချင်ပြည်နယ် တစ်ခုလုံး အကျည်းတန် အရုပ်ဆိုး ခဲ့ရပြီး အပြစ်မဲ့ ပြည်သူများ သေကြေ ပျက်စီး ခဲ့ရ သကဲ့သို့ အိုးအိမ်များ မီးလောင် ပျက်စီး ခဲ့ရသလို စစ်ဘေးဒဏ်မှ ဘေးလွတ် ကင်းရာသို့ ရွှေ့ပြောင်း နေထိုင်ကြ ရသည်မှာ လူဦးရေ မနည်းလှပေ။ ကချင်လူထုကို ကောင်းစားရေး ဟု ဟစ်ကြွေးကာ တိုက်ပွဲများကို စတင် ဖန်တီးခဲ့သော KIA လက်နက်ကိုင် သောင်းကျန်း သူ တို့ကြောင့် ကချင်လူထုကို ဖွံ့ဖြိုး တိုးတက် မလာစေဘဲ အိုးအိမ်မဲ့ ဖြစ်စေကာ ဒုက္ခသည် များအဖြစ် နစ်မွန်း သည်ထက် နစ်မွန်း လာစေပြီး ဆင်းရဲတွင်း နက်စေခဲ့သည်။


အမြော်အမြင် ကြီးသော KIO ခေါင်းဆောင် မရမ် ဘရန်ဆိုင်း သည် ၁၉၉၂ ခုနှစ်တွင် တစ်ဖတ်သက် အပစ်အခတ် ရပ်စဲကြောင်း ကြေညာ၍ ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း ဆက်သွယ် ခဲ့သည်။ ဦးခွန်အောင်မြတ် ၊ ဦးဆဘွဲ့ဂျွန် စသည့် ငြိမ်းချမ်းရေး အကျိုးဆောင် ကြီးများနှင့် ၁၉၉၂ ခုနှစ်တွင် လားရှိုး၌ စတင်၍ အပစ် အခတ် ရပ်စဲရေး ဆွေးနွေး ညှိနှိုင်း ခဲ့ပြီး ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သဘော တူညီချက် များပါ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ အကြမ်းအားဖြင့် ယင်း ငြိမ်းချမ်းရေး သဘော တူညီချက်တွင် တပ်မဟာ (၄)ခု နေရာ သတ်မှတ်၍ နယ်မြေ ကျော်လွန် ပါက လက်နက်မဲ့ သွားလာရေး ၊ တပ်အင်အား မတိုးချဲ့ရေး ၊ လူသစ် မစုဆောင်း ရေး ၊ ဆက်ကြေး ကောက်ခံမှု မပြုရေး နှင့် အဓိက အချက်မှာ ပြည်သူလူထု ရွေးကောက် တင်မြှောက်သော အစိုးရသစ် ပေါ်ပေါက် လာပါက လက်နက် စွန့်ရေးတို့ သဘောတူညီ ခဲ့ကြောင်း တွေ့ရှိရသည်။


သို့ရာတွင် ငြိမ်းချမ်းရေး ကို တန်ဖိုး မထားသော သဘောထား တင်းမာသည့် ခေါင်းဆောင်များ အာဏာ ရလာသော အခါ ငြိမ်းချမ်းရေး သဘောတူ ညီချက်များကို တစ်စစ ချိုးဖောက်၍ အခွင့်အရေး ယူလာသည်ကို တွေ့ရှိရသည်။ ပြည်သူလူထု ရွေးချယ် တင်မြှောက်သော အစိုးရသစ် တာဝန် လွှဲပြောင်းယူ သည့် ၂၀၁၁ ခုနှစ် ၊ မတ်လ ၃၀ ရက် နောက်ပိုင်းတွင် KIO လက်ရှိ ခေါင်းဆောင် များသည် မရမ် ဘဒမ်ဆိုင်း နှင့် သဘော တူညီ ထားချက် များကို ချေဖျက်ရန် အတွက် တာပိန် ရေအား လျှပ်စစ်မှ နိုင်ငံခြား သားများကို ခြိမ်းခြောက်ခြင်း ၊ အစိုးရ စစ်တပ်မှ စစ်ဗိုလ်အား ဖမ်းဆီးခြင်း စသည့် ရန်စခဲ့မှု များမှစ၍ မတည်ငြိမ် အောင် စတင် ဆောင်ရွက် ခဲ့သည်။


ထိုအချိန်မှ စ၍ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နိုင်ငံတော် သမ္မတမှ တစ်မြေတည်းနေ တစ်ရေတည်း သောက်ပြီး အတူတကွ နေထိုင်ကြသော တိုင်းရင်းသား အချင်းချင်း တိုက်ပွဲများ ဖြစ်ပွား၍ ထိခိုက် ကျဆုံးမှုများ မဖြစ်ပွား စေရန် အတွက် ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်း ခုခံ ကာကွယ်ရုံမှ လွဲပြီး ထိုးစစ် မပြုလုပ်ရန် အမိန့် နှင့် ညွှန်ကြားချက် တရားဝင် ထုတ်ပြန် ခဲ့သည်။ သို့သော် KIA ဘက်မှ တပ်မတော် ရှေ့တန်း တပ်များကို ခြုံခို တိုက်ခိုက်ခြင်း ၊ မိုင်းထောင်၍ ရထားလမ်းများ ၊ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို ဖောက်ဖွဲ ဖျက်ဆီးခြင်း ၊ ကြားဖြတ် တိုက်ခိုက်ခြင်း များ ပြုလုပ်လျက် ရှိသဖြင့် တပ်မတော်မှ ပြန်လည် ခုခံ ကာကွယ်သည့် အတွက် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွား ရခြင်း ဖြစ်သည်။


တစ်နှစ်ကျော် ကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အလွတ်သဘော (၉)ကြိမ် ၊ ပြည်ထောင်စု အဆင့် (၁)ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြသော်လည်း တိကျသည့် နှစ်ဖက် သဘော တူညီချက်များ ကတိက၀တ်များ မရရှိခဲ့ပေ။ အစိုးရဘက်မှ KIA တပ်များကို စစ်ရေး အရှိန် လျော့ပေးရန် တောင်းဆို နေသကဲ့သို့ KIA ဘက်မှလည်း ခံစစ်သာ ရှိပြီး တပ်မတော် ကသာ တပ်ဆုတ် ပေးရမည် ဟု ပြောဆို နေမှုများလည်း ရှိနေသည်။


စစ်ရေး ညှိနှိုင်းမှုများ လုပ်ဆောင် ခြင်းဖြင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ အရှိန်လျော့ ချစေရန် စီစဉ် ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် KIA တို့ ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံ ၊ ရွှေလီမြို့၌ တွေ့ဆုံ ညှိနှိုင်း ခဲ့ကြသော်လည်း စစ်ရေး ညှိနှိုင်းသည့် အဆင့် မရောက်ဘဲ ဆွေးနွေးပွဲ ပြီးဆုံး ခဲ့ရသည်။ အကြောင်းမှာ KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဂွမ်မော် မတက်ရောက် သဖြင့် အပစ် အခတ် ရပ်စွဲရေး တစ်စုံတစ်ရာ အတွက် အဆုံးအဖြတ် မပေး နိုင်ခဲ့သောကြောင့် ဖြစ်သည်။




ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် KIA ဘက်မှ ငြိမ်းချမ်ရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က စစ်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်ပြီး မဆွေးနွေးဘဲ စစ်ပွဲများ ဖြစ်ရသည့် အဓိက အကြောင်းရင်း ထက် နိုင်ငံရေး ကိုသာ အရင် ဆွေးနွေးခဲ့ပြီး လက်ရှိ စစ်ပွဲများ ရပ်ဆိုင်း စေချင်ရင် နိုင်ငံရေးကို အရင် ဆွေးနွေးဖို့ လိုအပ်ကြောင်း ၊ KIA တပ်မတော် အနေဖြင့် ပင်လုံကတိ ကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးမှု များကို ပိုမို လိုလားကြောင်း ပြောကြား ခဲ့သည်။ KIA သည် ကချင် တစ်မျိုးသား လုံးအတွက် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ၊ စစ်မှန်သော ပြည်ထောင်စု စနစ် ဖက်ဒရယ် ပြည်ထောင်စု စနစ် ကို အကောင်အထည် ဖော်ပေး စေလိုကြောင်း ၊ တိုင်းရင်းသား လူမျိုး ပေါင်းစုံ နေထိုင်သည့် နိုင်ငံ ဖြစ်သောကြောင့် ဖက်ဒရယ် စနစ်ကိုသာ မသွားနိုင် ပါက စစ်ပွဲများ ဆက်လက် ဖြစ်ပွား နေမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် က ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။ ကချင် လွတ်မြောက်ရေး အဖွဲ့ KIA တစ်ဖြစ်လဲ KIA လက်နက်ကိုင် သောင်းကျန်းသူ တို့သည် ၁၉၇၀ ခုနှစ် ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ် ခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးခွင့် မရရှိခဲ့ကြောင်း ၊ လာရောက် ဆွေးနွေးသည့် အဖွဲ့များသည် လည်း နိုင်ငံတော် အကြီးအကဲ များထံ တင်ပြသည်ဟု မယုံကြည် ကြောင်း ၊ ယခုအကြိမ် ဆွေးနွေးပွဲ ရလဒ်များကို နိုင်ငံတော် သမ္မတ နှင့် လွှတ်တော် (၂)ရပ်ထံ တင်ပြ စေလိုကြောင်း ၊ ကချင် အပါအ၀င် တိုင်းရင်းသား အားလုံး စစ်မှန်သော ပြည်ထောင်စု အတွင်း နေထိုင်ရေး အတွက် ကြိုတင် သတ်မှတ်ချက် တစ်စုံတစ်ရာ မပါသော နိုင်ငံရေး ဆွေးနွေးမှု များကို ယခု ဆွေးနွေးပွဲမှ စတင်နိုင်ရန် မျှော်လင့် ပါကြောင်း ပြောဆို ခဲ့သည်။


နိုင်ငံတကာ ပဋိပက္ခ များတွင်လည်း အပစ်အခတ် ရပ်စဲရေး မှ ထာဝရ ငြိမ်းချမ်းရေး စကားဝိုင်း ဆီသို့ ဦးတည် လျှောက်လှမ်း ခဲ့ရပေသည်။ အပစ်အခတ် ရပ်စွဲရေး မဆောင်ရွက်ဘဲ နိုင်ငံရေး ဆွေးနွေးမည် ဆိုသည့် အသံကောင်း ဟစ် ပြောဆို နေမှုသည် အမှန်တကယ် ငြိမ်းချမ်းရေး ကို မလိုလား၍ လားဟု သံသယ ရှိလာ ရပေသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကြိုတင် အကြောင်းကြား ထားပါလျက် မလာရောက် ခြင်းသည် လူကြီးလူကောင်း မဆန်သော လုပ်ရပ် ဖြစ်ပြီး ၄င်း ခေါင်းဆောင် အပေါ် ငယ်သားများမှ သူရဲဘော ကြောင်သော လုပ်ရပ်လို့ သတ်မှတ်ပြီး မကျေနပ်မှုများ တိုးပွား စေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ကချင် လက်နက်ကိုင် သောင်းကျန်းသူ ခေါင်းဆောင် ဂွမ်မော် ၏ လုပ်ရပ်အပေါ် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် နှင့် အဖွဲ့မှ ကျေနပ်မှု မရှိသည့် အတွက် KIO မှစွန့်ခွာရန် စိုင်းပြင်းကုန်ကြ သည်။ ဤသို့ဖြင့် ငြိမ်းချမ်းရေး ပန်းတွေ မနောမြေမှာ ဘယ်တော့များ ပွင့်လန်း မလဲ ဆိုတာ မျှော်ရသူ မောရစေသည်။


မတည်ငြိမ် မငြိမ်းချမ်းတဲ့ မနောမြေမှာ စစ်ပြေး ဒုက္ခသည်က သိန်းဂဏန်း ရှိနေပြီး ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး ဆုံးရှုံး နေကြရပြီ ဖြစ်သည်။ လမ်းတံတား များ ကျိုးပွဲ ပျက်စီးပြီး စားရေ ရိက္ခာ ကအစ ရှားပါး ကုန်ပြီ ဖြစ်သည်။ ပူတာအို ခရိုင် ပြည်သူများ အတွက် ရိက္ခာ ဒုက္ခ ၊ ဖားကန့်ဒေသ ပြည်သူ များအတွက် သိန်း ၆၀၀၀ ဆိုတဲ့ ဆက်ကြေး ဒုက္ခ ၊ ဟိုပင် ၊ နမ္မား ၊ မိုးညှင်း ၊ လုံးခင်း ၊ လုံတုံ ဒေသများရဲ့ သိန်း ၂၅၀ ဆိုတဲ့ ဆက်ကြေး ၊ လယ်တစ်ဧက ဆန်တစ်တင်း ဆိုတဲ့ ဆက်ကြေး ဒုက္ခတွေကို ဘုရားသခင် ကယ်တော်မူ ပါလို့တောင် ဆိုရမလို ဖြစ်နေသည်။ ငြိမ်းချမ်းရေး စကားဝိုင်းကို တက်မလာ ချင်တဲ့ KIA လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ကို ရွှေပြည်အေး တရားဟောပြီး ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်နဲ့ပဲ ကျေနပ် နေရတော့မှာလား ...? ကချင်ပြည်နယ် အတွင်း နေထိုင်ကြတဲ့ ပြည်သူ အားလုံးကို ကိုယ်စား မပြုတဲ့ KIA လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ရဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေကို ကချင် ၊ ဗမာ ၊ ရှမ်း စတဲ့ တိုင်းရင်းသားစုံ ခံစား နေရတဲ့ ဒုက္ခကို ငဲ့ကြည့် ပေးပါအုန်း လို့ ပြောကြားချက် များကို သိရှိအောင် တင်ပြလိုက်ရ ပါတယ်။


ပြည်ချစ်သား

0 comments:

Post a Comment