Pages

Friday, February 11, 2011

ကလေးတစ်ယောက် နဲ့ အတွေး

ကျွန်တော်တို့ကို ငယ်ငယ်ကလေးထဲက လူကြီးမိဘ အုပ်ထိန်းသူတွေက မေးတတ်ကြပါတယ်၊ အခု လက်ရှိကလေးတွေလည်း အမေးခံနေရဆဲပါ။ အဲ့ဒီစကားလုံးတွေကတော့ “သား ကြီးလာရင် ဘာလုပ်မလဲ” ၊ “သမီး ကြီးလာရင် ဘာလုပ်မလဲ” ဆိုတာလေးပါ။ ဟုတ်ကဲ့။ လူကြီးတွေ စိတ်ချမ်းသာစေချင်လို့လား တစ်ကယ်ဖြစ်ချင်လို့လား၊ ရုပ်ရှင် တွေထဲက ဇာတ်ကောင်တွေကို အားကျလို့လားတော့ မသိပါဘူး၊ အဖေက မေးရင် “စစ်ဗိုလ်ကြီးလုပ်မယ်”၊ အမေက မေးရင် “ဆရာဝန်ကြီးလုပ်မယ်”၊ အဒေါ်တွေက မေးရင်“ ကျောင်းဆရာလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်” စသည်ဖြင့်ဖြေတတ်ကြသလို ဖြေခဲ့ဖူးတာ လည်းရှိကြပါလိမ့်မယ်။ သမီးမိန်းကလေးဆိုရင်တော့ သမီးကြီးလာရင်“ဆရာဝန်မကြီးလုပ်မယ်၊ ကျောင်းဆရာမလုပ်မယ်၊” စသည်ဖြင့် ကလေးငယ်ငယ်အတွေးတွေထဲ ဒီလို အမြင့်စားစကားလုံးတွေကို ဖြေခဲ့ကြတယ်၊ ဒီလိုဖြေမှလည်း မိဘတွေက “ငါ့သမီးလေး ရည်မှန်းချက်မြင့်မားတယ်၊ ငါ့သားလေးရဲ့ ရည်မှန်းချက်မြင့်မားတယ်”ဆိုပြီး ပြုံးပျော်ချီးကျူးကာ အိတ်ကတ်ထဲက ငွေငါးပြား မုန့်ဖို့ပေးဖို့ ၀န်မလေးခဲ့ကြပါဘူး။

ကလေးဆိုတာကလည်း သူတို့ကိုသူတို့ ရုပ်ရှင်ဇာတ်ကားထဲက “ရဲဘော်မောင်တူး”အဖြစ် ဖြစ်ချင်ကြသလို၊ “ဘုတ်စကုတ်ထဲက လူကြမ်းကြီး ဦးအံ့ကျော်”ကိုလည်း အားကျချင်အားကျနေအုံးမှာ၊ ဒီကြားထဲ ကြွက်နဲ့ကြောင် ကာတွန်းကားထဲက ကြွက်ကို အားကျရင် ကြွက်ဖြစ်ချင်ရင်ဖြစ်နေမယ်၊ ကြောင်ဖြစ်ချင်ရင်ကြောင်ဖြစ်နေမယ်၊ တစ်ခါတစ်ခါ ဗီဒီယိုရုံက ပြန်လာတဲ့ ကလေးလေးတစ်ယောက် ကြောင်လို အော်ပြီး ပြန်လာတာကို တွေ့ဖူးသေးရဲ့။ ကလေးဆိုတာက “မျောက်နဲ့တူသော အရွယ်ပါ”၊ ဆိုလိုချင်တာက “အတုမြင်အတတ်သင်ချင်ကြခြင်းသာ.....”

တစ်ကယ်လို့များ မိဘက သားလေး ကြီးရင် ဘာလုပ်မလဲ၊ သမီးလေး ကြီးရင် ဘာလုပ်မလဲ လို့မေးလိုက်တဲ့အခါ၊ “သားကတော့ ဓါးပြဗိုလ်လုပ်မယ်၊” ဟုတ်တယ်လေ နယ်ချဲ့က ဓါးပြလို့သတ်မှတ်ထားတဲ့ သတ္တိရှိသူ ဗိုလ်စံဖဲကို အားကျမိတာကိုး၊ သမီးကတော့ ကြီးလာရင် သူဌေးတစ်ယောက်ရဲ့ “မယားငယ် လုပ်မယ်”၊ ဟုတ်တယ်လေ ရုပ်ရှင်ထဲမှာဆိုရင် မယားငယ်လုပ်သူက အရာရာကို ပိုင်စိုးထားတာ ပြီးတော့ တအားနဲ့ ချမ်းသာတယ်၊

တကယ်တော့ စိတ်ကူးနဲ့လက်တွေ့ဆိုတာ တစ်ဖက်ကမ်းအလွန်ပါ။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေက ပလုံစီနေတာမို့ ကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မယ်လို့ပြောတဲ့ ကလေးက ကြီးလာတဲ့အခါ ပလပ်စတိတ် ကောက်ချင်ကောက်နေရမယ်၊ ဓါးပြဗိုလ်လုပ်မဲ့ ကလေးက ကြီးလာတဲ့အခါ စစ်ဗိုလ်လုပ်ချင်လုပ်ရတတ်ပါတယ်။ ဒါကတော့ ကံတရားရဲ့ လှည့်ကွက် လို့လည်းထင်ပါတယ်။

ကြီးလာတဲ့အခါ ဘာပဲဖြစ်ဖြစ် မိဘတွေမှာ သူတို့ သားသမီးတွေက “ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ”လုပ်မယ်ပြောလို့ ပြုံးပျော်နေတာကိုတော့ မှတ်မိပါသေးတယ်....။

{ဇောင်း}

0 comments:

Post a Comment