အချစ်ဆိုသော အရာသည် ဖြူသလား မည်း(မဲ)သလား ကျွန်မ မသိခဲ့၊ သိဖို့လည်း အခွင့်အရေးသည် မရှိခဲ့၊ ငယ်စဉ်ကတည်းက ကျွန်မအတွက် အချစ်သည် အဖော်မဖြစ်လာခဲ့၊ ထို့အတွက်ကြောင့် ကျွန်မသည် အချစ်ငတ်သူ တစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ရမည်ဆိုပါက ရှက်ပြုံးပြုံးတော့ နည်းနည်းလေးပြုံးမိသည်။
-------------------------x x-------------------------ငယ်စဉ်ကတည်းက အိမ်နီးချင်းလည်းဖြစ် ရွယ်တူလည်းဖြစ် ကျောင်းနေဖက်လည်းဖြစ် မိသားစုအချင်းချင်းကလည်း ပတ်သက်မှုတွေ ရှိနေကြသည့်အတွက် သူ နှင့် ကျွန်မ ငယ်ပေါင်းကြီးဖော်အဖြစ် ရင်းနှီးနေခဲ့သည်မှာ ယနေ့ထက်ပင်။ သူ သည် ကျွန်မကို ချစ်နေသည်မှာ သိနေသည်၊ ဒါပေမဲ့လည်း သူ့ရဲ့အချစ်ကို ကျွန်မစိတ်မ၀င်စားပါ။ ငယ်ငယ်ကတည်း ရင်းနှီးနေတာလည်းဖြစ် အိမ်နီးချင်းလည်းဖြစ် သူ့အကြောင်းကိုယ့်အကြောင်းလည်း ကောင်းကောင်းသိနေကြသည်။ နှစ်ဖက်မိဘများက ကျွန်မ နဲ့ သူ့ကို သဘောတူနေကြသည်ကို ကျွန်မ မသိခဲ့၊ နှစ်ဖက်မိဘများက စကားအပြန်အလှန်ကျွံနေပြီးဖြစ်သည်။ ကျွန်မရဲ့မိဘ တွေက အိမ်ထောင်ပြုဖို့ ပြောလာကြတဲ့အခါ ကျွန်မအတွက် စိတ်ချောက်ချားစေခဲ့သည်။ ထိုစဉ်က ကျွန်မမှာ ချစ်ရမဲ့သူမရှိသေး၊ အသက်ကလည်း (၂၀)၀န်းကျင်သာ ရှိသေးတာကြောင့် အိမ်ထောင်ပြုဖို့ကို လက်မခံပါရစေနဲ့လို့ ငြင်းဆန်တဲ့အခါ မိဘတွေက စိတ်ချရအောင်တော့ စေ့စပ်တာတော့ လုပ်ထားမှ တော်ကာကြမယ်ဆိုပြီး ကျွန်မ မိဘစကားကို မပယ်ချင်တာကြောင့် သူနှင့် စေ့စပ်လက်မှတ်ထိုးထားလိုက်ရတော့သည်..။
“အချစ်ဆိုတာ ဘာရယ်ညာရယ် မသိပေမဲ့
ဘ၀နှစ်ခုပေါင်းစပ်ဖို့
ကံကြမ္မာက ဇာတ်ဆရာမလုပ်
မိဘတွေက ဇာတ်ဆရာလုပ်တော့
မိဘစကား မပယ်ရက်သာ
သားကောင်းသမီးတို့ရဲ့
အစဉ်အလာတစ်ခုပမာ
စာရွက်ပေါ်မှာ ဘ၀တစ်ဝက်ကိုပေးအပ်လို့ လက်မှတ်ကိုထိုး၊
မျက်ရည်မိုးတော့ ကျတာပေါ့.....”
တစ်ဖက်က မင်္ဂလာဆောင်ဖို့ကို ခဏခဏ ပြောလာပေမဲ့ ကျွန်မကတော့ ဆင်ခြေဆင်လက်အမျိုးမျိုးပေးလွတ်မိသည်။ ကျွန်အတွက် အချစ်ဆိုတာကို မတွေ့ရှိသေးတာကြောင့် ကျွန်မအနေနဲ့ အိမ်ထောင်ပြုဖို့ကို စိတ်မ၀င်စားခဲ့သလို လက်လည်းမခံချင်။ ကျွန်မ အချစ်ကိုထိတွေ့ဖူးချင်တာကြောင့် သူ့ကို ချစ်ဖို့ ကိုယ်စိတ်ကို ဖိအားပေးဖူးသည်။ သို့ပေမဲ့လည်း လုံးဝ ပြန်ချစ်လို့မရခဲ့...။ ဒီလိုနဲ့ သူ တို့မိသားစုလည်း နယ်ဘက်ကို ပြောင်းရွေ့သွားကြသည်မှာ ၄-၅နှစ်ကြာခဲ့သည်။ ဖုန်းအဆက်အသွယ်တော့ရသည်။ ဖုန်းလာသည့်အခါလည်း ကျွန်မဖက်က ကောင်းကောင်းမွန်မွန် ပြောဖို့ အခွင့်မပေး၊ ကျွန်မကို စိတ်ပျက်အောင် လုပ်ပြသော်လည်း ဟို့ဖက်က လုံးဝ နောက်မဆုတ်ပဲ တိုးမြဲသာ တိုးနေလေတော့သည်။ တစ်ကယ်တမ်းပြန်တွေးကြည့်ရင် သူ့ကို ကျွန်မ ချစ်လို့မရ၊ သူက ကျွန်မကို ချစ်လားမေးဖူးသည်။ ကျွန်မ စိတ်ထဲမှာတော့ သူ့ကို သံယောဇဉ်တော့ ရှိသည်။ ချစ်လားဆိုတော့ ချစ်လို့မရခဲ့.....။
အခုတော့ ကျွန်မ အချစ်ကို စတင်တွေ့ရှိခဲ့သည်။ ဆောင်းမနက်ခင်းတစ်ခုတွင် အချစ်ကို မသိကျွမ်းဘူးသော ကျွန်မနဲ့ မောင် ရင်းနှီးမှုများက စတင်လာက အခုဆိုရင် မောင့် ကို ကျွန်မ အချစ်ကြီးချစ်နေမိသည်။ မောင်လည်း ကျွန်မကို သိပ်ချစ်သည်။ ကျွန်မ စိတ်ညစ်အောင် မောင် က တစ်ခါမှ မလုပ်ခဲ့၊ ကျွန်မလိုချင်တာမှန်သမျှ မောင်ဖြည့်ဆည်းပေးခဲ့သည်။ ကျွန်မကို ချစ်တဲ့ စိတ်ကြောင့် မောင်သည် အင်မတန် အူတိုတတ်သူဖြစ်သည်။ မှန်တော့မှန်ပါသည်။ ယောက်ျားတို့သည် မိန်းမတို့ထက် အူတိုတတ်ကြသည်။ မောင်နှင့်ကျွန်မ ရင်းနှီးချစ်ခင်ကြတာ အခုဆိုရင် (၂)နှစ်ကျော် ကြာမြင့်ခဲ့ပြီး မောင့်အကြောင်း မောင့်မိသားစု အကြောင်းကို ကျွန်မ အကုန်သိထားပြီးဖြစ်ပေမဲ့ ကျွန်မ အကြောင်းကို မောင်မသိခဲ့။ မောင်ကလည်း ကျွန်မအကြောင်းကို မမေးခဲ့။ မောင့်ကို အရမ်းချစ်သည်။ ကျွန်မရဲ့ ဘ၀တစ်သက်စာလုံး မောင်နဲ့သာ ဖြတ်သန်းချင်မိသည်။
“မမြင်ဖူးလို့ မူးမြစ်ထင်တယ်ဆိုဆို
အချစ်ကို အခုမှကိုးကွယ်မိသလို
ကျွန်မအတွက် အချစ်ဆိုတာ ဖြူသလားမည်း(မဲ)သလား
တွေးစ စရာမလို၊ သိနေခဲ့ပြီ
မောင့်ရဲ့အချစ်တို့ မသဂြိုလ်ရက်ဘူး
မောင်ဟာ ကျွန်မရဲ့ ရင်ထဲက အချစ်ဦး..”
“ချစ်လျက်နဲ့ စွန့်လွတ်ရမဲ့ စကားမျိုး
ဒီနှုတ်ဖျားက ဘယ်လိုပြောရလေမလဲ
မုန်းတယ်၊ မေ့လိုက်၊ လက်ထပ်ရတော့မယ်၊ လမ်းခွဲတော့မယ်
အဲ့လိုစကားတွေ ပြောရမလား မောင်ရယ်...”
သူမကို ကျွန်တော်ချစ်မိနေသည်။ သူမကို ချစ်နေတဲ့အချိန်အတွင်း သူမနဲ့ပတ်သက်တဲ့ ဆွေးမျိုးညာတကာ အကြောင်းအရာတွေကို စိတ်မ၀င်စားခဲ့၊ ကျွန်တော်စိတ်ဝင်စားသည်က သူမ ဘာကြိုက်တတ်လည်း၊ ဘယ်လိုတွေကို မကြိုက်လည်း၊ သူမ ဘာတွေကို လုပ်တတ်လည်း စသာတွေကိုသာ စိတ်ဝင်စားခဲ့သည်။ သူမကို ချစ်တာ သူမရဲ့ အကြောင်းအရာကိုမဟုတ် သူမရဲ့ ချစ်စရာ့အသွင်အပြင်နှင့် စိတ်ထားတို့သာဖြစ်သည်။ ကျွန်တော့်ရဲ့ အားနည်းချက်သည် သူမ၏ အတွင်းကျကျအကြောင်းအရာတွေကို မသိခဲ့ခြင်းသည် အားနည်းချက်တာဖြစ်သည်။ ထို့အတွက်ကြောင့် ကျွန်တော့်အနေဖြစ် ပိုင်ဆိုင်ဖို့ထက် ချစ်လျက်နဲ့စွန့်လွတ်ရမဲ့ အဖြစ်မျိုးကို ကြိုတင်မြင်နေမိတော့သည်....။
“ချစ်ခဲ့ပါတယ်
မချစ်ဖူးတဲ့ အချစ်ရူးတော့ မဟုတ်ရပါဘူး
ငါ့ရင်ထဲမှာ ပထမအချစ်မဟုတ်တဲ့ မင်းက
ငါ့ရဲ့ ရင်ထဲမှာတော့ ပထမအချစ်လိုပါပဲ
ချစ်လျက် ပိုင်ဆိုင်ချင်လျက် နဲ့
ငါဟာ တွေးရင်းနဲ့ပူ....”
---------------------------------=--------------------------------------
မောင်နဲ့ကျွန်မ ပေါင်းစပ်ဖို့ မဖြစ်နိုင်တာ မဟုတ်ခဲ့ပါဘူး၊ ပေါင်းစပ်ဖို့ ဖြစ်နိုင်ပေမဲ့၊ လွန်ခဲ့သော နှစ်များစွာက စေ့စပ်လက်မှတ် ထိုးထားသော အချက်လက်တို့နှင့် မိဘမျက်နှာတွေကြောင့် အပြင် သူ ၏ ပေးကမ်းမှုများ ထောက်ပံ့မှုများကြောင့်လည်း ကျွန်မ ချစ်သော မောင် နဲ့ ခွဲခွာခဲ့ရပြီး သံယောဇဉ်သာ ရှိပြီး ချစ်လို့မရတဲ့ သူရဲ့ လက်ထဲကို ကျွန်မရဲ့ ကျန်ရှိသေးတဲ့ ဘ၀တစ်ဝက်ကို ပေးအပ်လိုက်ရသည့်နောက် ကျွန်မရဲ့ ဘ၀တစ်ခုလုံးသည် ထိုသူထံ ပုံအပ်ပြီးသားဖြစ်သွားစေခဲ့သည်။ ကျွန်မရဲ့ အဖြစ်သည် ချစ်မပါသော အိမ်ထောင်တစ်ခုကို ဆောက်လုပ်ရင်းနဲ့ တစ်နေ့နေ့တော့ ထိုသူကို ချစ်လာလိမ့်မည်မထင်ခဲ့။ အဘယ်ကြောင့်ဆိုသော် ကျွန်မရဲ့ အချစ်သည် သေသွားခဲ့ပြီဖြစ်သည်....။
“မစဉ်းစားခဲ့ပါဘူး
မချစ်သော်လည်း အောင့်ကာနမ်းရမဲ့အဖြစ်မျိုး
ဆိုးလှပါတယ် ဘယ်လိုဝဋ်ကြွေးများလည်း
ချစ်လျက်နဲ့စွန့်လွတ်ရတဲ့ ဘ၀နဲ့
မချစ်သော်လည်းအောင့်ကာနမ်းရမဲ့ဘ၀မျိုး
ဘယ်တော့များမှ မကြုံချင်တော့ပါ
သေဆုံးသွားတဲ့အချစ်တွေအတွက်
တောင်းဆုခြွေရင်း............”
ဝဿန်မိုးရေစက်တို့အောက်၌ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်ငြိမ်သက်လျက်၊ တွေးလျက်၊ မျက်ဝန်းမှ မျက်ရည်တို့သည် မိုးရေနှင့်အတူ မျှောပါသွားသည်။ သူတို့နှစ်ဦးသား ဘယ်လိုစကားလုံးများကို သုံး၍ စွန့်လွတ်ထွက်ခွာ ဝေးသွားခဲ့လည်းဆိုသည်ကို ခံစားတတ်သူတို့အဖို့သာ သိနိုင်ပါတော့သည်။ ကမ္ဘာပေါ်မှာ ဒီလို အချစ်မျိုး ဘယ်နှစ်ခုလောက်ရှိမလည်း လက်ချိုးရေတွက်ကြည့်လိုက်ရင် အများအပြားရှိနိုင်ပါသည်။
{ဇောင်း}
0 comments:
Post a Comment