Pages

Monday, February 7, 2011

ကျွန်တော်အတွက်တော့ ဘဝဆိုတာ

သားကြီးရေ..ညီလေးနဲ့ ညီမလေးကို ဂရုစိုက်နော် အမေတို့ လယ်ထဲဆင်းပြီ


မှုန်ရီဝေဝါး အလင်းမကွဲသေးခင် ခပ်အုပ်အုပ် အသံလေးနှိမ်ပြိး ကျွန်တော်အိပ်နေတဲ့ ခြင်ထောင်ကို အသာမပြိး ထိရုံလေး အသာနိုးပြိး သတိပေးကာ ပြောသွားတဲ့ အမေ့ကြောင့် ကျွန်တော်မျက်လုံးတွေက ကျင့်သားရပြီဖြစ်လို့ ပြန်လည်အိပ်ပျော် နိုင်ဖို့မသေချာစွာနဲ့ ခြင်ထောင်ခေါင်မိုး ဖြူဖြူပေါ်ကို အဓိပ္ပါယ်မဲ့ စွာစိုက်ကြည့်နေမိတယ်။ အမေနဲ့အတူ အစ်မနှစ်ယောက် လည်းကောက်စိုက်ထွက်ဖို့ အဆင်သင့် ဖြစ်နေလောက်ပြီ ဆိုတာ သိနေတဲ့ကျွန်တော်။ ဘာရယ်မဟုတ် လူကသာငယ်တာ ဘဝကကြမ်းတော့ အပူပင်တွေနဲ့ ကျွန်တော် အတွေးတွေထဲမှာ စားဝတ်နေရေး ပြသနာက ကျွန်တော်တို့ မိသားစု အတွက်တော့ တစ်ပူတစ်ပြင်း ရှာဖွေလုပ်ကိုင် ကြမှာသာ ဝမ်းဝရုံပါပဲလေ။ ကျွန်တော် အိပ်ရာမှ လူးလဲထရင်း အိပ်မောကျနေတဲ့ ညီမလေးနဲ့ ညီလေးကို အသာငဲ့ကြည့်ရင်း အပြစ်ကင်းစွာ အိပ်မောကျနေတဲ့ သူတို့လေးတွေရဲ့ အပူပင် ကင်းနေတဲ့ကလေးဘဝ မှာတောင် မပြည့်စုံမှုတွေနဲ့ ခြံရံလို့ ပါလားလို့ တွေးနေမိတယ်။

ကဗျာကယာ မျက်နှာသစ်ပြီး မောင်နှမသုံးယောက်သား အမေအစောကြိး ချက်ထားခဲ့တဲ့ တောငါးပိချက်လေး ကိုထမင်းကြမ်း ခဲနှင့် ခေါင်းမဖော်တမ်း စားကြရင်း ကျောင်းသွားဖို့ ပြင်ဆင်ကြရင်း။ တောသူတောင်သား ဆိုတော့လည်း ကျောင်းဝတ်စုံရယ်လို့ တိတိကျကျ မရှိပဲ ဒီအတိုင်း ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ နီကျင်ကျင် အရောင်တွေ လွင့်နေပြီဖြစ်တဲ့ လွယ်အိတ်လေးကို စလွယ်သိုင်းရင်း အတန်းကျောင်းရယ်လို့ သတ်မှတ်ထား တဲ့ကျောင်းလေးဆီသို့ ဖိနပ်မပါ ခြေဗလာဖြင့် ချီတက်ကြရင်း။
.................။....................

နွေဆို ရာသီကုန်သီးနှံလေး တွေရောင်းချ၊ မိုးတွင်းဆို အမေနဲ့အစ်မအကြိးက ကောက်စိုက်၊ အစ်မငယ်က ကောက်စိုက်သမတွေ အတွက်ထမင်းချက် အဖြစ်နဲ့ အိမ်ရှိလူကုန်အလုပ်လုပ်မှ ဝမ်းဝရုံအပြင် မပိုလျှံတဲ့ ဘဝ။ တောရွာ ဓလေ့ လည်းဖြစ်တာမို့ အစ်မတွေလည်း လေးတန်းအောင် ကတည်းကကျောင်း ထွက်ပြီးမဘတွေနဲ့ အလုပ်ဝိုင်းကူညီ ညာလုပ်ကြတာမို့ ကျွန်တော်လည်း လေးတန်းအောင်ရင် ကျောင်းနားရမှာ သေချာနေသလောက် ပါပဲ။ ပညာရေးထပ် ဝမ်းရေးကို ဦးစားပေး ကြရတဲ့ မိသားစု ဘဝလေ။ မိုးဦးကျစဆိုရင် အဖေက ငါးရှာဖားရှာပြီး မိုးများလာပြီဆိုရင်တော့ လယ်ပိုင်ရှင်တွေ ဆီမှာ စာရင်းငှား ဝင်လုပ်ပြီး မိသားစုရဲ့ ဝမ်းရေးရှာဖွေကြရတယ်။ အရွယ်လည်း ဟိုမရောက် ဒီမရောက် ကျွန်တော်တို့ မောင်နှမသုံးယောက်ကတော့ လူပိုတွေပေါ့။

တစ်နေ့ အဖေက အဆင်ပြေမလားဆိုပြိး အင်းတစ်ခုကိုလေလံဆွဲဖို့လုပ်ပါတယ်။ အဲဒီနှစ်က မိသားစုအားလုံး လယ်မလုပ် ဖြစ်ကြပါဘူး။ အင်းကိုပဲ အဓိကထားပြိး မိသားစုအားလုံး လုပ်ကြပါတယ်။ ကံဆိုးစွာပဲ အင်းသိမ်းချိန်ရောက် တော့ စာရင်းပေါင်းချုပ်ကြည့် ကြတော့ အင်းမှရတဲ့ ငွေနှင့် သမကို သွင်းရမယ့် ငွေမမျှတဲ့အတွက် အခက်ခဲကြုံကြ ရတယ်။ မတက်နိုင်တဲ့ အဆုံး အမေဘက်က အမွေရတဲ့အိမ်လေးရောင်း လိုက်တာတောင် သမကို သွင်းဖို့ မပြည့်တဲ့ အတွက် လက်ရှိနေနေတဲ့ အိမ်လေးကိုပါ ထည့်ရောင်းပြိး သွင်းခဲ့ရတယ်လေ။ အဆင်ပြေမလားလို့ အင်းလေလံ ဆွဲမိပါ တယ် အဆင်မပြေတဲ့ အပြင် နေစရာအိမ်ပါ ပျောက်ခဲ့ကြရတယ်လေ။ ဘဝများ ဆိုးချက် မတောင်းစားရရုံတစ်မယ် ကျွန်တော်တို့ မိသားစုဘဝလေး ကြုံဆုံခဲ့ ကြရတယ်။ မိသားစုဘဝလေးမပျိုကွဲရအောင် လက်ကျန်ငွေ လေးတစ်ချို့ တစ်ဝက်ဖြင့် သုံးပင်တိုင် အိမ်ငယ်လေး တစ်လုံးနဲ့ မိသားစု ဘဝကို ပြန်လည် စခဲ့ကြရတယ်။

ရွှေရှိမှ မျိုးတော်ချင်တဲ့ ဆွေမျိုးတွေ ကလည်း ကျွန်တော်တို့ကို အမျိုးမတော် ချင်ကြဘူးလေ။ အဖေနဲ့အမေ ကတော့ ကျွန်တော်တို့ မောင်နှမတွေကို မငတ်အောင်လုပ်ကျွေးကြတော့ အဖေကစာရင်းငှား၊ အမေနဲ့အစ်မနှစ်ယောက်က ကောက်စိုက်သမတွေအဖြစ်နဲ့ပေါ့။ ရာသီတွေသာလည်ပတ် နှစ်တွေသာပြောင်း ခဲ့ပေမယ့် ကျွန်တော်တို့ မိသားစုဘဝ လေးက မပြောင်းလဲခဲ့ပါဘူး။ ရှင်ပြုဖို့အရွယ် ရောက်နေပြီ ဖြစ်တဲ့ ကျွန်တော်နဲ့ ညီလေးကို ကိုယ်ပိုင်ရှင်မပြု ပေးနိုင် ခဲ့ကြဘူးလေ။ ရှင်ပြုဖို့နေနေသာ စားဝတ်နေရေးတောင် အနိုင်နိုင်မို့ ငွေပိုငွေလျှံမရှိ ခဲ့ကြတဲ့အတွက် အတော်လေး အသက်ကြိး မှ ရှင်ပြုဖြစ်ခဲ့ကြတယ်။ အဲဒါတောင် အမျိုးတွေရဲ့ ရှင်ပြုပွဲမှာ အမေရဲ့အမေအဘွားက ကျွန်တော်ကို တာဝန်ယူ ညီလေးကိုတော့ အဖေနဲ့အမေက တာဝန်ယူ ခဲ့ကြတာမို့ ရှင်ပြုဖြစ်ခဲ့ရတာလေ။

.....................။...................................

ရှင်ပြုပြိး ကိုရင်ဝတ်နဲ့ကျွန်တော် ဆွေမျိုးတွေရဲ့ဘုန်းကြိးကျောင်း မှာပဲဆက်နေဖြစ်ခဲ့တယ်။ ညီလေးကတော့ (၇)ရက် ပြည့်တာနဲ့ လူထွက်ပြိး အမေ၊အဖေတို့နဲ့ ပြန်လိုက်သွားတယ်လေ။ ကိုရင်ဘဝနဲ့ပဲ ကျွန်တော် ကျောင်းလည်းတက်ရင်း ကျောင်းပိတ်ချိန်တွေ ဆိုဘုရားစာတွေ သင်ရင်း မိဘတွေနဲ့ အလှမ်းဝေးခဲ့ရတယ်။ ကျွန်တော် ကိုရင်ဘဝနဲ့ သုံးတန်းအောင် တော့ကျောင်းဆက်မတက် ခဲ့ရပါဘူး။ ကျောင်းထားပေးတဲ့ အမျိုးတွေက ဆက်မထားပေး တော့တာမို့ သုံးတန်းအောင်နဲ့ရပ်နားလိုက်ရတဲ့ ကျွန်တော်ဘဝ ရဲ့ပညာရေး တစ်ပိုင်းတစ်စ။ ဘယ်သူမှအပြစ် တင်လို့ မရတဲ့ဘဝ အနေအထား။ သင်္ကန်းဝတ်နဲ့ လေးနှစ်လောက်နေပြိး ကျွန်တော်လူထွက် ပြိးအမျိုးတွေရဲ့ အိမ်မှာပဲ အလုပ်ဝင်လုပ်ခဲ့ ပါတယ်။ ရသမျှလေးတွေ စုဆောင်းပြိး အိမ်ကိုထောက်ပံ့နေရင်းနဲ့ပေါ့။

ရာသီစက်ဝန်း တစ်ပတ်လည်ပြန်လို့ ကျွန်တော်အသက်(၁၇)နှစ်မှာ အဖေနာမကျန်းဖြစ်ပြိး ကျန်းမာရေးခြူချာ လာခဲ့တယ်.။့  တက်ညီလက်ညီလုပ်နိုင် ကြမယ့် အရွယ်မှာ အစ်မအကြိးဆုံးကလည်း အိမ်ထောင်ကျ သွားတော့
အဖေရဲ့ဆေးဖိုးနဲ့ မိသားစု ရဲ့စားဝတ်နေရေး လွန်ဆွဲနေရ ပြန်တယ်။ အဲဒီလို ခက်ခဲနေတဲ့ အချိန် ရွာကဘုန်းကြိး ကောင်းကို အလည်လာတဲ့ ရန်ကုန်ကဦးဇင်း တစ်ပါးနဲ့ဆက်သွယ်ပြီး ရန်ကုန်ကို ကျွန်တော် ရောက်ခဲ့တယ်။ အမေတို့ ကိုပြောရင် ခွင့်မပြု မှာဆိုတဲ့ အတွက် ဖွင့်မပြောပဲ အမျိုးတွေဆီကို ပဲ အကြောင်းကြားပြိး ရန်ကုန်ကို ထွက်ခဲ့မိတယ်လေ။ ရန်ကုန်ကိုရောက်ပြီး နှစ်ရက်ပဲ ကြာတယ် ကျွန်တော် ဦးဇင်းအသိရဲ့ အကူအညီနဲ့ ဒန်အိုး စက်ရုံမှာအလုပ်လုပ်ခဲ့ရတယ်။

နေစားစရိတ်ငြိမ်းအလုပ် လေးမို့ကျွန်တော်အတွက် အဆင်ပြေလှပါတယ်။ စက်ရုံထဲ စဝင်တဲ့နေ့ ကတည်းက ညဆိုင်းပါ တွဲပြိးဝင်ရတယ်။ အရမ်းပင်ပန်းသလို အန္တရယ်လည်းများ တာမို့ ကျွန်တော် အသံရှုသံတွေရပ်မတက် ကြောက်ရွံခဲ့တယ်.။ စက်ရုံတစ်ခု လုံးမှာ ရှိတဲ့ လူတွေမှာလည်း လက်ပြတ် တဲ့သူတွေ၊ လက်ကောက်ဝတ် ဖျတ်ထားခံရတဲ့ သူတွေနဲ့ ကျွန်တော်ရဲ့ ကြောက်ရွံစိတ်ကို ဖြည်းတင်းပေးနေသလိုပါ။ ဘယ်လိုမှ မခံစားနိုင်တဲ့ အဆုံး ကျွန်တော် အလုပ်ထွက်ပြီး တခြားအလုပ် လက်လှမ်းမှီ သမျှရှာဖွေခဲ့တယ်။ အလုပ်လုပ်ချင်သူ အတွက် အလုပ်မရှားတဲ့ ရွှေမြို့တော်ကြိးပေါ့လေ။ ဒုတိယမြောက် ကျွန်တော်ရဲ့ အလုပ်က အုတ်၊သဲ၊ကျောက်လုပ်တဲ့နေရာပါ။ အုတ်၊သဲ၊ကျောက် ဆိုပေမယ့် ကျွန်တော်လုပ်ရတာက မြေကြိး အတင်အချ အလုပ်လေ။ ဘဝသမားတစ်ယောက်အတွက် နေပူရင် ကျောပူ၊ မိုးရွာ ရင်အဝတ်ဆို ရာသီဥတု ဒဏ်ဆိုတာကလည်း ဝမ်းရေးလောက် အလေးပေး စဉ်းစားဖို့ မတက်နိုင်တဲ့ အနေအထား မျိုးမို့ ရသမျှ စုဆောင်း ခြွေတာပြိး အဖေရဲ့ ကျန်းမာရေးအတွက် အချိန်မှီ ငွေပို့ပေးနိုင်ဖို့ ကအရေးကြိးတယ်လေ။
............................။.............................

ရသမျှလေးတွေ ရှာဖွေ စုဆောင်းပြိး အိမ်ပို့ခဲ့ပေမယ့် ကျပ်တည်းလှတဲ့ စားဝတ်နေရေးကြောင့် လုံလောက်မှု မရှိတာ သိနေတာမို့ ကျွန်တော် အလုပ်သစ်ပြောင်းဖို့ ကြိုးစားရပြန်တယ်။ နေတော့ ဘုန်းကြိးကျောင်း စားတော့လမ်းဘေး ထမင်းဆိုင်၊ အလုပ်လုပ်တော့ ကြုံရာ ဖြစ်နေတဲ့ ကျွန်တော်အဖို့ ဘဝဆိုတာ ကန္တာရပါပဲ။ ကျွန်တော်တည်း တဲ့ကျောင်းက ဆရာတော်အကူညီနဲ့ ကားဝပ်ရှော့တစ်ခုမှာ အလုပ်ရတော့ အလုပ်လေးလုပ်နေတုန်း ရွာက လူကြုံရောက် လာတော့ အဖေနေမကောင်းဘူးဆိုတဲ့သူတင်းကြုံပါးမှုကြောင့် အဖေရဲ့အနေအထားမေး ကြည့်တော့ နာတာရှည်ရောဂါ သည်မို့ ဆိုးဆိုးရွားရွားကြိး မဟုတ်ဘူးဆိုတဲ့ အတွက် ကျွန်တော်စုဆောင်းထားတဲ့ငွေလေး လူကြုံ နဲ့ပေးရင်း ရွာမပြန်ပဲ နေခဲ့မိတဲ့ ကျွန်တော်။ နောက်ခြောက်လလောက်မှာ အဖေဆုံးပြိ ဆိုတဲ့သတင်းနဲ့အတူ သဂြိုင်္လ် ပြိးလို့မြေကျပြီးပြိး ဆိုတဲ့ သတင်းကြောင့် ကျွန်တော်အဖေရဲ့ နောက်ဆုံး အချိန်မှာတောင် အနားရှိမနေခဲ့ဘူးလေ။

အဲလိုတွေ ဘဝကကြမ်းပါတယ်ဆိုမှ ကျွန်တော် နှလုံးသားကို တံခါးလာခေါက် ခဲ့တဲ့သူမ။ သွယ်လျလျ ခန္ဒာမှာ မပိန်လွန်း မဝလွန်း ၊ ယဉ်စစအပြုံးတွေ ခိုတွဲနေတက်တဲ့ နူးညံ့တဲ့ အပြုံးပိုင်ရှင်မလေး လို့တင်စားရလောက်အောင် လိုက်ဖက်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကလည်း ဆရာမ မို့ သူမနဲ့ကျွန်တော် အဝေးကြိးမှာ ဆိုတာ ကျွန်တော် နားလည်ခဲ့ ပေမယ့် အချစ်ဆိုတာ ဆန်းကျယ်တဲ့ဘာသာရပ်တစ်ခုပဲ မဟုတ်လား။ သူမနဲ့တွဲလျှောက်ခဲ့တဲ့ ညနေခင်း လေးတွေက အစားထိုးမရနိုင်တဲ့ အသာမိဆုံးသော ညချမ်းလေးတွေပါ။ နားလည်မှု တွေနဲ့ ဘယ်လိုပဲ တည်ဆောက်ထားပေမယ့် လည်း ဘဝရှေ့ရေး အတွက် လက်တွဲခေါ်ဖို့ မဝံ့ရဲသလို သူမ ရဲ့ရှေ့ရေးအတွက် ကျွန်တော်တို့နှလုံးသားရေးကို လစ်လျှူရှူပြီး နားလည်မှု ရှိရှိနဲ့ပဲ လမ်းခွဲဖြစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လေ။ တစ်ခါတစ်ရံ ချစ်ခြင်းဆိုတာ မဖိတ်ခေါ်ပဲ ရောက်လာတက်ပေမယ့် ပြန်ထွက်သွားရင်တော့ နားကျင်မှုတွေနဲ့ အတူ ဒဏ်ရာတွေ ထားရစ်ခဲ့ ပြန်တာ ချစ်ခြင်းရဲ့ သင်္ကေတတစ်ခုပဲ မဟုတ်ပါလား..။

ဘဝကကြမ်းတော့ အချစ်ဆိုတာကလည်း နေရာပေးရလောက်အောင် မချိုမြိန်ခဲ့ပါဘူး။ လွမ်းနေ၊ ဆွေးနေ ရလောက် အောင်လည်း ဘဝက အခြေနေမပေးခဲ့ဘူးလေ။ တစ်နေ့ အမေနေမကောင်းဘူးဆိုတဲ့ လူကြုံသတင်းကြောင့် ပဲ ကျွန်တော် အိမ်ကို အပြေးအလွှား ရရာ ရထားနဲ့ပြန်ဖြစ်တော့ အိမ်အဝင်မှာ ပြုံးရွှင်လို့ဆီးကြိုနေတဲ့ အမေကြောင့် ရင်ထဲက အမောတွေ အပူလုံးတွေ ကျခဲ့ရတယ်။ တစ်ကယ်တော့ အမေ မကျန်းမာဘူး အသဲသန် ဖြစ်တယ်ဆိုတာ အမှန်ပါပဲ။ အမေက ကင်ဆာရောဂါ ကိုခံစားနေရသူ ဆိုတော့ ချက်ခြင်းကြိး လဲကြတာမျိုး မဟုတ်ပေမယ့် အတွင်းပိုင်းကတော့ မကောင်းတာသေချာ ပါပဲလေ။ အဲဒါနဲ့ပဲ အမေကို ရန်ကုန်ခေါ် ပြိး ဆေးရုံ တင်ဖို့ကြိုးစားရပြန်တယ်။ အခြေနေအမျိုးမျိုး အခက်ခဲတွေ ကြားထဲကနေပြီး အမေရဲ့ဆေးဖိုး နဲ့မိသားစုရဲ့ စားဝတ်နေရေး အတွက်ရုန်းကန်ရတာ တစ်ကယ်လို မလွယ်ခဲ့ပါဘူး။ အမေကို ဓါတ်ကင်ခြင်းဆိုတဲ့ ကုနည်းနဲ့မကုပဲ ဆေးထိုး ဆေးသောက်နဲ့ပဲ အမေနောက် (၂) နှစ်အကြာမှာ သူမချစ်တဲ့ သားသမီးတွေကို စွန့်ခွာသွားခဲ့တယ်လေ။ အဝေးမှာ ရောက်နေတဲ့ ကျွန်တော် အတွက် အဖေ၊အမေရဲ့ နောက်ဆုံးခရီး ဆိုတာ မှီတယ်ဆိုရုံလေးပါပဲ။

....................။.............................
အဲဒီလိုနဲ့ ကျွန်တော် ဘဝထဲကို ပိုင်ပိုင်ဆိုတဲ့ကောင်မလေး တစ်ယောက် မဖိတ်ခေါ်ပဲ ရောက်ရှိခဲ့ ပြန်တယ်။ ကျွန်တော်ကို သားအရင်း တစ်ယောက်လို ချစ်တဲ့ အန်တီဆွေရဲ့ ဆွေးမျိုးမကင်းတဲ့ တူမလေးပါ။ သွက်သွက်လပ်လပ် လေးနဲ့ချက်ချက်ချာချာရှိတဲ့ ပိုင်ကို ကျွန်တော် ညီမလေးတစ်ယောက်လို ပဲချစ်ခဲ့တာပါ။ ကိုင်ပိုင်ရဲ့ စိတ်ဝင်စားမှုတွေကို သိနေပေမယ့် တစ်ကယ်တမ်း ကျွန်တော်ဘဝထဲ ကိုခေါ်ဖို့ ကျွန်တော့်အနေအထားနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.။ ရွာမှာ အမေဆုံးလို့ ရက်လည်ကနေအပြန် အန်တီ ကတွေ့ချင်ဆိုပြီး ခေါ်တော့မှပဲ

ပိုင်ပိုင်နဲ့ကောင်လေးနဲ့ချစ်သူတွေဆို

ဗျာ

အန်တီဆွေရဲ့စကားကြောင့် ကျွန်တော် အတော်လေး နားမလည်ဖြစ်ခဲ့ရတယ်။ ကောင်လေးလို့ ကျွန်တော်ကို အမြဲခေါ်တက်တဲ့ အန်တီဆွေက ကျွန်တော်အတွက် အမေဆိုလည်း မမှားပါဘူး။ အနေနီးလို့ ပိုင်ပိုင်နဲ့ကျွန်တော်ကို အထင်လွဲတယ်ထင်တယ်လို့ ဖြေရှင်းဖို့ ကြိုးစားနေဆဲမှာပဲ ...
ပိုင်ပိုင်ပြောပြိးပြီနော်...ကောင်လေး...ရှက်စရာမဟုတ်တာ ရှက်မနေနဲ့ အန်တီဆွေနားလည်ပါတယ်
ကျွန်တော်နှုတ်ဆိတ်နေ ရုံမှတစ်ပါး ဘာမှမတက်နိုင်ပဲ ကျွန်တော် လှည့်ပြန်ခဲ့တယ်။
ကျွန်တော်ခြေလှမ်းတွေက ပိုင်ပိုင်ရှိရာ အရပ်သို့ ဦးတည်နေလျှက်.....
ပိုင်ပိုင် ...ဘာတွေလုပ်ထားလဲ ပြောပါအုံးအကိုကိုယ်
ကျွန်တော်ရဲ့အမေးကို မဖြေပဲ အဖြေရခက်နေတဲ့ ပိုင်ပိုင်။ ကျွန်တော် တစ်ခုခုကို နားလည်လိုက်သလို နဲ့နားမလည်ခဲ့တဲ့ အခြေအနေ.။ အဲဒီလိုနဲ့ ပိုင်ပိုင်နဲ့ ကျွန်တော် ငြင်းမရတဲ့ အခြေအတင်တစ်ခု ထဲမှာ ရှုပ်ထွေးနေမိတယ်။ နောက်နှစ်ဝါမဝင်ခင် လက်ထပ်ကြဖို့အန်တီဆွေက ပြောထားတာမို့ ကျွန်တော် ရွာကိုအလည် ပြန်သလို သူမလဲသူမရဲ့ရွာကို အလည်ပြန်ကြရင်း အသီးသီး မိဘတွေဆီမှာ ခွင့်တောင်းကြ တာမို့ကျွန်တော် ရွာက ပြန်ရောက်ရောက်ခြင်း ပိုင်ပိုင်ဆီက ဖုန်းဝင်လာတာမို့ သွားကိုင်တော့ ပိုင်ပိုင်တစ်ယောက် ငိုပြိး ကျွန်တော်တို့လက်ထပ်ဖို့ မဖြစ်နိုင်တော့ပါဘူးတဲ့လေ။ ပိုင်ပိုင်ရဲ့ အိမ်ကဘာတွေပြောတယ် ဆိုတာ ကျွန်တော်မသိရသလို ပိုင်ပိုင်နဲ့ဆုံပြီး ဖြေရှင်းတော့လည်း ငိုနေတဲ့ ပိုင်ပိုင်ဆီက ဘာမှတိကျတဲ့ အဖြေမရခဲ့ပါဘူး။ သားအရင်းလို ချစ်တဲ့ အန်တီဆွေ ကလည်း ကျွန်တော်ကို အပြစ်တင်စကားဆိုပါတယ်။ ဘယ်သူကမှားပြိး ဘယ်သူမှန်ပါတယ်လို့လဲ ဖြေရှင်းဖို့ ကျွန်တော် မကြိုးစားချင်တော့ဘူး။ အမြဲတမ်းလွဲနေတဲ့ ကံတရားနဲ့ ကြမ်းတဲ့လွန်းတဲ့ ဘဝသင်ခန်းစာတွေ ထဲမှာ ကျွန်တော် တော်တော်လေးနေသားတကျ ဖြစ်ဖို့ကြိုးစားရအုံးမှာပေါ့...။ အမျိုးမျိုး အပြစ်တင်နေတဲ့ စွက်စွဲချက်တွေ မရေရာမသေချာတဲ့ သစ္စာဖောက်မှုတွေ ကြားမှာ ရပ်တည်ဖို့ ခံနိုင်ရည်မဲ့စွာပဲ ကျွန်တော် ရုန်းထွက်ခဲ့တယ်။


အဲဒီဒဏ်တွေ မခံနိုင်လို့ အဝေးဆုံးကို ထွက်ပြေးခဲ့တဲ့ အရှုံးသမား အဖြစ်နဲ့ အဝေးဆုံးမှာ ရှိနေခဲ့ပေမယ့် ကျွန်တော်ရဲ့ အတိတ်တွေက ကျွန်တော်ကို အိမ်မက်ဆိုးအဖြစ်နဲ့ နေ့စဉ်ခြောက်လန့်နေလိုက်တာ ညအိပ် ချိန်ရောက်မှာတောင် ဆိုးရွံ့နေမိတဲ့ကျွန်တော် ။ အားလုံးနဲ့ အလွန်ဝေးကွာနေသော အရပ်မှာ ရောက်ရှိနေ သည့်တိုင်အောင်...ကျွန်တော် ရင်ထဲမှာ နားကျင်စွာ....ခါးသိးစွာ.....ခံပြင်းစွာ....ဖြင့်....။
(ကျွန်မရဲ့ကိုတိုင်ရေးဝထ္ထုလေးအား အားပေးကြတဲ့သူငယ်ချင်းများအားလုံး ပတ်ဝန်ကျင်ရှိသက်ရှိသက်မဲ့

တွေနဲ့အတူ ထာဝရပျော်ရွင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..

0 comments:

Post a Comment