ယခုခေတ် ကာလတွင် ခေတ်ပေါ် အခေါ်အဝေါ်များ အများအပြားပေါက်ဖွားလာသည့်နည်းတူ .. စကားလုံး များ၏ အဓိပ္ပါယ်မှာလည်း တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ဟိုမှဒီသို့၊ဒီမှဟိုသို့ မျောက်မူးလဲ ဖွယ်ပြေးလွှားကမြင်းနေရကား…လဂွန်းအိန် လည်းအဆိုပါ ပြိုင်ပွဲတွင် ပါဝင်ရန် စဉ်းစားခန်းဝင်လေရာ .. အောက်ပါအတိုင်း ကပေါက်တိ၊ကပေါက်ချာ ၊ အစီအငေါ်အတည့်သည့်၊အများသူငါ "အရူး" ဟုထောမနာပြုလောက်သည့် အတွေးတစ်ချို့တို့ကို ရလေသည်..။

၁။ ကျွန်ုပ်တို့ခြေထောက် ဟုခေါ်သည့်အရာမှာ သူ၏နာမည်နှင့် လားလားမှမထိုက်တန်..။အမှန်တစ်ကယ်တွင် ပါးစပ်ထဲမှ ဖြူလွလွ(အချို့သူများက ၀ါကျင်ကျင်၊အချို့က ပိုးစားလို့မဲညစ်ညစ်) အချောင်းမညီတညီများကသာ အဆိုပါနာမည်ကို အပိုင်စားသင့်သည်ဟူ၏..။
အဘယ့်ကြောင့်ဆိုသော် ထို ဖြူလွလွအချောင်းများသည် ပါးစပ်မှ ၀င်လာသော အစားအစာ ဟူသမျှကို ခြေ ဖျက်ပေးသည့် အပြင် မေးရိုးနှစ်ဖက်(အပေါ်နှင့်အောက်)တို့ကို ထောက် ကန်ခြင်း တာဝန်တို့ကိုထမ်းဆောင်လေသောကြောင့်တည်း…။

၂။ ထိုမှအတူ ပြောင်းပြန်တွေးယူသော် တစ်နေကုန်တစ်နေခမ်း နီးပါး ဟိုဟို ဒီဒီ လျှောက်လှမ်းကာ မနေမနား သွား လာခြင်းတာဝန်ကိုထမ်းဆောင်နေသည့် ကိုယ်ခန္ဒာအောက်ပိုင်းမှ အချောင်းနှစ်ဖက်ကိုသာ သွား ဟုခေါ်သင့်လှပေ၏

(မှန်သည်ထင်လျှင် လက်ခုပ်တီးကြပါ။)

၃။ နောက်တစ်ကြောင်းမှာ မျက်စိဟုကျွန်ုပ်တို့ခေါ်ဝေါ်ကြသည့် အမြင်အာရုံခံစားရာ (ဘွိုင်းတို့ ဂဲလ်များကို ငမ်းရာ) စက္ခု အလုံးနှစ်လုံးကို မူ မနေမနား ဟိုရှာ ဒီ ရှာ ဖြင့်နေသောအမူအကျင့်ရှိရကား သူ့ ကို ရှာ(ရေးမူ -လျှာ) ဟုခေါ်လျှင်ပိုမို သင့်မြတ်ပေမည်။

၎။ ထို့ပြင် ဦးခေါင်း၏ ဆန့်ကျင်ဖက် မျက် နှာပြင်နှစ်ဖက်တွင် ငုတ်စိ လေး ရှိနေသော အရာကို နားဟုခေါ်ခြင်းသည် မတရား၊ မျက်စိ ဟုခေါ်လျှင် သာပြီးဆီလျော်သည်ဟု လည်းကောင်း…။

၅။ ပြီးလျှင် ပါးစပ်အတွင်းရှိပျော့စိအချပ်ကြီးကို လျှာ ဟုမခေါ်ပဲ အစားအစာ စားချိန်နှင့် စကားပြောချိန်မှအပ ကျန်အချိန်အများစုတွင် နားနားနေနေ နေရသင့်အတွက် သင်းသာ နား ဟူသောအခေါ်နှင့်လိုက်ဖက်ညီသည်ဟု လည်းကောင်း…။

စသည်တို့ဖြစ်ကြလေသည်။သင်ဖတ်ပြီး ကျွန်ုပ်နှင့် သဘောမျှလျှင် ထောက်ခံကြပါ။ဖြန့်ဝေကြပါ။အများသူငှာတို့ လက်သင့်ခံလျှင်သတ်ပုံကျမ်းပြင်ရန် မြန်မာစာဌာနသို့ ပေးပို့ကာ အရေးဆိုကြမည်။ :D (ပေါတယ်ကွာ..။)