Pages

Friday, February 11, 2011

ကျွန်တော် လူကြမ်းသရုပ်ဆောင်

မနက်မိုးလင်းတာနဲ့ လုပ်စရာရှိတာလုပ်အပြီး (၈)နာရီလည်း ထိုးပြီ အလုပ်ကလေးများရမလားလို့ ကျောက်တံတားဘက်ကို ခြေဆန့်ရပေဦးမယ်။ ၃၅လမ်း-၃၆လမ်းမှာက ကျွန်တော်တို့လို လူကြမ်းတွေအများစု အသွားအလာအများဆုံးလေ၊ အသွားအလာများဆို ဇာတ်ကားတစ်ကားမှာ လုခန်း ရိုက်ခန်း တစ်ခန်းလောက်ပါလည်း မိသားစု တစ်နေ့တာ စားဝတ်နေရေးအတွက် ရတာပေါ့ဗျာ။ အလုပ်မရတဲ့ နေ့တွေဆို ကျွန်တော့်မိန်းမရဲ့ ဈေးဖိုးထဲက လမ်းစရိတ်အဖြစ် နုတ်ထားရတာလည်း ရှိခဲ့ဖူးတယ်။ ကျွန်တော်ဟာ နာမည်ကြီးနေတဲ့ လူကြမ်းမင်းသား ကိုကိုဦးလည်း မဟုတ် အောင်ခိုင်လည်း မဟုတ် ကျားကြီးလည်းမဟုတ် မျက်ပြူးလည်းမဟုတ် ဦးမြမောင်လည်းမဟုတ်တော့ တစ်ခါတစ်ခါ ရိုက်ကွင်းထဲ ပါသွားရင် ပိုက်ဆံက နည်းနည်းလေးပဲ ရတယ်ဗျာ၊ ရတဲ့နည်းနည်းလေးကလည်း တစ်ကယ့်ကို မိသားစုအတွက် တစ်နေ့တာလေးပေါ့.....။

သရုပ်ဆောင်ကြေးနည်းနည်းလေးရတဲ့ ကျွန်တော့်လို လူကြမ်းတွေကိုဗျာ လမ်းသွားလမ်းလာက အစပေါ့၊ မြင်တာနဲ့ မကျေနပ်တဲ့အကြည့်တွေ အလိုမကျတဲ့ အကြည့်တွေနဲ့ ကြည့်လိုကြည့်နဲ့ ဟော့... မင်းသားမင်းသမီးတွေကိုများ ပြုံးလို့ရယ်လို့၊ လက်မှတ်ထိုးခိုင်းရတာနဲ့ ဓါတ်ပုံအတူတွဲရိုက်တာနဲ့ လူကြမ်းတွေနဲ့ ဓါတ်ပုံရိုက်မလားလို့မေးတော့ ဓါတ်ပုံဖိုးကုန်တယ်တဲ့ဗျာ.......၊ တစ်ကယ်တော့ သရုပ်ဆောင် အားလုံးဟာ ရိုက်ကွင်းပေါ်က အခိုင်းအစေတွေပဲ မဟုတ်လား။ ဒါရိုက်တာက ဒီလိုလုပ်ဆို လုပ်ရမယ်လေ၊ ဟိုလိုလုပ်ဆို ဟိုလိုပဲလုပ်ရတယ်၊

ဘာပဲဖြစ်ဖြစ်ပါ လူကြမ်းဆိုတာက မင်းသား မင်းသမီးတွေကို အထောက်အပံ့ဖြစ်စေတဲ့ ညောင်ကိုင်းအထောက်လိုပါ၊ ဒါပေမဲ့ ကျွန်တော် ၀မ်းမနည်းပါဘူး၊ ကျွန်တော့်အဖို့က ဒီလောက်ပဲ ပါတာကိုးဗျ၊ တစ်ကယ်တော့ ကျွန်တော်က မင်းသားဖြစ်ချင်တာဗျ ဟားဟား၊ မင်းသားမဖြစ်ပဲ လဒ ဖြစ်တယ်လို့ ပြောရမလားတော့မသိဘူး၊ ရိုက်ကွင်းပေါ် အဆူအငေါက်ခံရတာက ခဏခဏ၊ မင်းသားနဲ့ ဖိုက်တင်ပလေးရင် တစ်ကယ်နာတာခဏခဏ၊ တစ်ခါတစ်ခါတွေးကြည့်ရင် လူကြမ်းဖြစ်တဲ့ ကျွန်တော်က သရုပ်ဆောင်ရင်းတစ်ကယ်နာတဲ့ “ဂျက်ကီချန်း”လိုဖြစ်နေပါရော့လား၊ ဒါပေမဲ့ ကျွန်တော်က သူ့လိုမဟုတ်ပြန်ဘူးဗျ၊ ဘယ်လောက်နာနာ မန်းဏီးတစ်ဖြစ်လဲအသပြာက ဒီလောက်ကဒီလောက်ပဲ ရတာမဟုတ်လား။

တစ်နေ့သားမှာဗျာ ရိုက်ကွင်းတစ်ခုမှာပေါ့ မင်းသားနဲ့ ကျွန်တော်နဲ့ ဖိုက်တင်ပလေးရမဲ့ ဇာတ်ဝင်ခန်းရိုက်ရမယ်၊ မင်းသားကလည်း နာမည်ရနေတဲ့မင်းသားပါ။ ကင်မရာတွေ ချိန်ထားပြီး “ကဲ့... ရိုက်မယ် ၀မ်း တူး သရီး အက်ရှင်” လို့ ရိုက်ကွင်းဘုရင်က လှမ်းအော်လိုက်တာနဲ့ ကျွန်တော့်ရဲ့ ခြေလှမ်းက မင်းသမီးရဲ့ အရှေ့ကို ရောက်သွားပါတယ်၊ ပြောရရင်တော့ဗျာ မင်းသမီးကို ရစ်ရမယ်၊ ပြီးတော့ ဆွဲရမ်း လားရမ်းလုပ်ရမယ် အဲ့ဓီအချိန်မှာ မင်းသားက ကယ်တင်ရှင်အနေနဲ့ ရောက်လာမယ်၊ ရောက်လာရင် မင်းဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီး ချ ရတော့မယ်၊ အဲ့ဒီအခါမှာ မင်းသာက ကျွန်တော့်ကို စထိုးတယ်၊ ကျွန်တော်က ရှောင်လိုက်တယ်၊ ပြီးတော့ ထိုးတယ်။ မင်းသားကရှောင်တယ်၊ မင်းသားအလှည့်မှာ ကျွန်တော်ခံလိုက်ရတယ်၊ ခံလိုက်ရတာမှ သွားတောင် “နဲ”သွားတယ်၊ သွေးနည်းနည်းထွက်လာတယ်၊ ကျွန်တော်လည်း နာသွားတော့ ပြန်ပြီးတော့ ထိုးလိုက်တယ်၊ ထိုးတာက ဖြေးဖြေးထိုးတာပါ ဒါပေမဲ့ မင်းသားကို တစ်ကယ်ထိုးမိသလိုဖြစ်သွားတော့ ပြဿနာဖြစ်သွားတယ်။

ရိုက်ကွင်းဘုရင်ဖြစ်တဲ့ ဒါရိုက်တာက ကျွန်တော့်ကို ဆူပူရောပဲ၊ မင်းသားနဲ့လူကြမ်း မင်းသားနာရင် လူကြမ်းအဖို့အနည်းဆုံးအအော် အငေါက်ခံရကိန်းရှိသလို၊ မင်းသားကြောင့် လူကြမ်းနာရင် [Sorry] နဲ့တင် ပြီးခဲ့ရတာလည်း ရှိလိုက်ပါသေးတယ်။

ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ လူကြမ်းအဖြစ်သရုပ်ဆောင်မှုဟာလည်း လူသာအိုသွားခဲ့ပါတယ်၊ သရုပ်ဆောင်ကြေးကတော့ ဒုံယင်းက ဒုံယင်းပါပဲလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ သရုပ်ဆောင်ကြေး က အပိုအလျံမဖြစ်ပေမဲ့ မိသားစုအတွက် တစ်နေ့တာစားရိတ်တော့ ရခဲ့ပါတယ်။

{ဇောင်း}

0 comments:

Post a Comment