Pages

Friday, February 11, 2011

နှစ်ကိုယ်ကြားပုဒ်စာ

အချစ်ဆူးစူးလို့ ရူးတယ်ပြောမယ်ဆိုရင် ကျွန်တော့်ကို အပြစ်မတင်လိုက်ပါနဲ့ ကမ္ဘာဦးအစက အာဒံနှင့်ဧ၀ ကိုသာ အပြစ်ဖို့ပါတော့လို့ မျက်နှာလွဲခဲပစ် ပြောလိုက်ပါရစေလား..။ ကျွန်တော့်အတွက်တော့ ဖြေရခက်တဲ့ ပုဒ်စာတစ်ပုဒ်ဟာ ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ ပုဒ်စာတစ်ပုဒ်ပါပဲ....
--------------x-------------------x-----------------------------x--------------------

ဆောင်းလေအေးတိအေးစက်တို့သည် သူမနှင့် ကျွန်ုပ်အကြား တိုးလို့ဝှေ့ရင်းနှင့် အမည်မသိသော ချစ်ခြင်းသင်္ကေတများကို ပေါက်ဖွားစေရန် လမ်းစပျိုးဖို့အတွက် ဖိအားပေးလို့နေရင်းနှင့် အမှတ်မထင် စကားလုံးများ ကြွေကျလာတော့သည်...

ကောင်လေး။ ။ကျွန်တော်စိတ်ဝင်စားတဲ့ လူတစ်ယောက် ကျွန်တော့်ရဲ့ ဘေးနားက နေ ခွာသွားမှာကို စိုးရိမ်မိတယ် အိမ်ပြန်ချိန်ဆိုတာကို မရှိချင်ခဲ့ဘူး တဒင်္ဂလေးအတွင်းမှာ စိတ်ရဲ့ ပျော်ရွှင်မှုရခဲ့ပေမဲ့ တဒင်္ဂလေးအတွင်းမှာ ပျော်ရွှင်မှုတွေကို ရရှိခဲ့တဲ့ ကျွန်တော် ၀မ်းနည်းမှုကို ယူလိုက်ရတယ်
ကောင်မလေး။ ။အဲဒီလို စိုးရိမ်မိတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်ပြန်သုံးသပ်ကြည့်ပါ ခဏတာ သာယာမှုလား တစ်ဘ၀လုံးအတွက်လား ၊ ကိုယ်စိတ်ဝင်စားတယ်ဆိုတဲ့လူက ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်မလား.. အဲဒီလူကို ခဏတာ သာယာမှုအတွက် မဟုတ်ပဲ တစ်ဘ၀လုံးအတွက် တာဝန်ယူနိုင်လား ဒါတွေကို လေးလေးနက်လေး သုံးသပ်ကြည့်ဖူးလား စဉ်းစားကြည့်ဖူးရဲ့လား?
ကောင်လေး။ ။ သုံးသပ်ကြည့်ဖူးပါတယ် ခဏတာ အတွက် ဘယ်တော့မှ မစဉ်းစားခဲ့ဖူးပါဘူး တစ်ဘ၀လုံးအတွက် စဉ်းစားခဲ့ပါတယ် ဒါဟာ လေးနက်မှုတစ်ခုပါ

ကောင်မလေး။ ။ တချို့အရာတွေက ကိုယ်မြင်နိုင်တာလောက် မရိုးရှင်းဘူးကွယ်

ကောင်လေး။ ။အရာရာတိုင်းဟာ တူညီမှုမှ မရှိကြတာ ဘာပကာသန မှ မလိုအပ်ပဲ ရိုးစင်းတဲ့ တူညီမှုတာ ရှိမယ်ဆိုရင် တစ်ဘ၀လုံးသာ မကပါဘူး

ကောင်မလေး။ ။မတူညီမှုပေါင်းများစွာကို နားလည်စွာနဲ့ ညှိဖို့ စိတ်ရှည်သည်းခံမှု အရမ်းလိုတယ် မြင့်မြတ်တာမဟုတ်ပေမယ့် စိတ်သဘောထားကြီးရမယ်

ကောင်လေး။ ။အဓိက ကတော့ နားလည်ခွင့်လွတ်ပေးနိုင်ခြင်းပါ အေးတိအေးစက် နေပြီး နားလည်ခွင့်လွတ်ပေးတာနဲ့တော့ မတူညီပါဘူး

ကောင်မလေး။ ။တခါတရံ မျက်ကန်းတစ်ယောက်လို အရူးတစ်ယောက်လို အ “အ”တစ်ယောက်လို နားကန်းတစ်ယောက်လို အရူးကွက်နင်းနိုင်ရတယ်

ကောင်လေး။ ။နားလည်ခွင့်လွတ်ပေးနိုင်ခြင်းမှာ နွေးထွေးမှုဆို ရှိမှ ဖြစ်မှာပါ လှည့်စားမှုမပါရင်တော့ အရူးကွက်ဆိုတာ မရှိပါဘူး
ကောင်မလေး။ ။ကံတရားဆိုတာကြီးက ပတ်ဝန်းကျင်က များသောအားဖြင့် လှည့်စားမှုတွေနဲ့ ပြည့်နေတာပါကွယ်

ကောင်လေး။ ။ တစ်ခါတစ်ရံမှာ ပုံသေနည်းနဲ့ တွက်ချက်နေရင် ကိုယ်တိုင်က မသိသာပေမဲ့ မျှော်လင့်နေသူအဖို့တော့ ဆွေးတမြေ့မြေ့ပါ

ကောင်မလေး။ ။ပုံသေနည်းနဲ့တွက်တာမဟုတ်ပါဘူး အပြောင်းအလဲတွေသိပ်များတဲ့လူတွေအကြား ၊ ကျူးကျော်ဝင်ရောက်ပြီး အနိုင်ပိုင်းမယ့် လူတွေအတွက် အခိုင်မာဆုံး တံတိုင်းတစ်ခုနဲ့ ကိုယ့်နယ်မြေကိုယ် အဲဒီ့ရန်တွေကနေ ကာထားတာလောက်ပါပဲ ကာကွယ်ထားတာလောက်ပါပဲလေ

ကောင်လေး။ ။ကျွန်တော်က တစ်စုံတစ်ယောက်အတွက် ကျူးကျော်သူ မဟုတ်ရပါဘူး အနိုင်နဲ့ ပိုင်းရအောင် ချစ်ခြင်းမုန်းခြင်းက အလောင်းကစားမှ မဟုတ်တာ မေတ္တာပေးရင် မေတ္တာ ရတယ်၊ အချစ်ပေးရင် အချစ်ရတဲ့ တောင်းဆိုမှုတစ်ခုပါ

ကောင်မလေး။ ။အလောင်းအစားမဟုတ်ပေမယ့် အောင်နိုင်သူနဲ့ ကျရှုံးတွေလည်း ရှိခဲ့ကြပါတယ်.. သူများကပေးလို့ရလာမယ့် နာကျင်မှုတွေကို ကြောက်ပါတယ်လေ.. အဲဒီနာကျင်မှုက ဘာနဲ့မှ အစားထိုး ကုစားလို့မရဘူး..

ကောင်လေး။ ။နာကျင်မှုဆိုတာ တစ်ကယ်တော့ ကိုယ့်ကိုကိုယ် ဒဏ်ခတ်တဲ့ ဝေါဟာရတစ်ခုပါ တူညီမှုတာ ရှိနေကြမယ်ဆိုရင် တဲစုတ်ထဲမှာ နေရလည်း နန်းတော်တစ်ခုလိုပါပဲ

ကောင်မလေး။ ။ကိုယ်ပိုင်တဲ့လက်ချောင်းတွေတောင် အတိုအရှည်တူရဲ့လား.. ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်နဲ့ တူညီဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..

ကောင်လေး။ ။ခံစားချက်မတူလို့ အဲ့လို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်၊ ကျွန်တော်ကတော့ မျှတစွာ တွေးပါတယ် ကိုယ်စိတ်ဝင်စားတဲ့ လူတစ်ယောက်ကို ကိုယ့်စိတ်နဲ့ နှိုင်းပါတယ်

ကောင်မလေး။ ။ဒီလိုသာဆို အသဲကွဲတဲ့သီချင်းတွေ ပေါ်လာမှာမဟုတ်သလို အမုန်းဆိုတာကို လူတွေသိတောင် သိမှာမဟုတ်ပါဘူး

ကောင်လေး။ ။ကိုယ်ခံစားရရင် ခံစားရပါစေ ဆိုတဲ့ အတွေးနဲ့လည်းပေါ့ မျှော်လင့်ခြင်းနဲ့ ပျော်ရွှင်မှုနဲ့ အဲ့ဒါတွေ ကို ရဖို့အတွက် ကျွန်တော့်ရဲ့ ခံစားမှုကို စတေးပြီးသားလို့ သတ်မှတ်ထားပါတယ် ကျွန်တော့်အတွက်တော့ အဲ့ဒီလို သတ်မှတ်ထားခြင်းအတွက် အမြဲလိုလို အရှုံးကို ရရှိခဲ့ပါတယ် အသဲကွဲတယ်ဆိုတာ တူညီမှုမရှိတဲ့အတွက်ကြောင့် ရရှိလာတဲ့ ရလဒ်တစ်ခုပါ ကျွန်တော်အတွက်တော့ အသည်းကွဲခြင်းဆိုတာ ကျွန်တော်စိတ်ဝင်စားတဲ့ လူတစ်ယောက်ကို စစရည်ရွယ်ပြီဆိုကတည်းက ၅၅% လောက် ရရှိထားပါတယ်

ကောင်မလေး။ ။ကိုယ့်ဘက်က ဘ၀တစ်ခုလုံး ရည်ရွယ်ပြီး ကိုယ်ရောစိတ်ပါ အရာရာ မြှုပ်နှံခဲ့ပြီးမှ လွဲချော်မှုနဲ့ ကြုံရရင် အဲဒီဆုံးရှုံးမှုက စီးပွားရှုံးတာထက် ပိုနစ်နာပါတယ်.. ဆယ်ကျော်သက်တစ်ယောက်အတွက် ရည်းစားနဲ့လမ်းခွဲတာ ပြဿနာမဟုတ်ပေမယ့် အချိန်အတော်ကြာ ဖြတ်သန်းခဲ့ပြီးသား အရွယ်မှာတော့ လူပြောစရာပါလေ..

ကောင်လေး။ ။လူပြောစရာ ဖြစ်တယ်မဖြစ်ဘူးဆိုတာက ကိုယ့်ရဲ့ ခံယူချက်ပေါ်မှာပဲ မူတည်ပါတယ်
ကောင်မလေး ပြောသလိုပေါ့ အချစ်ဆိုတာ ဆုံးရှုံးခြင်းမှာ အားများပါတယ်

ကောင်မလေး။ ။ထပ်ပြီး ခွဲခြမ်းစိတ်ဖြာရရင် မိန်းကလေးတစ်ယောက်အတွက် ပိုတောင်ဆိုးသေး ယောင်္ကျားလေးအတွက်ကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ် သိပ်ပြဿနာမဟုတ်ဘူး

ကောင်လေး။ ။အချစ်မှာ သတ္တိရှိမှုလည်းလိုသလို စွန့်စားနိုင်မှုလည်း လိုပါသေးတယ်

ကောင်မလေး။ ။အင်းပေါ့လေ လူတစ်ကိုယ် ခံယူချက်တစ်မျိုးပေါ့... တူညီအောင်တော့ ဘယ်တော့မှ ညှိမရပါဘူး

ကောင်လေး။ ။ဟုတ်ပါတယ် ဘယ်လို ပြောရလေမလည်း........... တစ်စုံတစ်ယောက်ရဲ့ တုန့်ပြန်မှုကို ရယူချင်ခဲ့တယ်

ကောင်မလေး။ ။ဒါပေါ့လေ.. တုန့်ပြန်မှုမရှိနိုင်တဲ့ပေးဆပ်မှုဆိုတာ ရင်းနိုင်မယ့်လူဆိုတာ လောကမှာ မရှိဘူးပဲ တုန့်ပြန်မှုမရှိနိုင်တဲ့ပေးဆပ်မှုဆိုတာကို ရင်းနိုင်မယ့်လူ လောကမှာ မရှိဘူးပဲ

ကောင်လေး။ ။ရင်း ရင်းနဲ့ အသည်းကွဲ ခဲ့တဲ့ လူတွေကို ဘယ်လိုပြောရမလဲ

ကောင်မလေး။ ။မသေချာမှုကို အရင်းအနှီးပြုဖို့ လူတွေက သိပ်ကြောက်ကြပါတယ်

ကောင်လေး။ ။ ဘယ်လို ပြောရမလဲ အချစ်မှာ ဆုံးရှုံးမှု နဲ့ ပိုင်ဆိုင်မှု နှစ်ခုပဲ ရှိပါတယ်
ကောင်မလေး။ ။စကားကြီးစကားကျယ်နဲ့ ပြောရမယ် ဆိုရင် ချစ်ရသူဆီက ကြင်နာမှုတဒင်္ဂလေးရဖို့ ချစ်ရသူရဲ့ အနမ်းတစ်ပွင့်ကို ပိုင်ဆိုင်ခွင့်ရဖို့ ချစ်ရသူရဲ့ ရင်ခွင်ထဲမှာ ခဏတာမှေးစက်ခွင့်ရဖို့ ချစ်ရသူနဲ့တဒင်္ဂလေးမျှ အတူရှိခွင့်ရဖို့ နှလုံးသားတစ်ခု ဘ၀တစ်ခု ရင်းပြီးပေးဆပ်ဝံ့ပါတယ် ဆိုတာကလည်း ကဗျာတွေ စာတွေထဲမှာပဲ ရှိသကိုး..

ကောင်မလေး။ ။ ခဏသာ ဆိုတာ အနည်းအငယ်လေးအတွင်းကို ပြောတာ မဟုတ်ပါဘူး အတူရှိနေချိန် ခဏသာလေးကို ဆိုလိုရင်းပါ ပေးဆပ်နိုင်သူတွေ ကတော့ ပေးဆပ်ကြပါတယ် အချစ်ဆိုတဲ့ စိတ်ကူးကလည်း ကဗျာ ဆန်တဲ့ ကာရံတစ်ခုပါ

ကောင်မလေး။ ။ဒီလိုလူတွေ မမြင်ဖူးပေါင်၊ အဲ့တော့ မယုံပါ

ကောင်လေး။ ။မမြင်ဖူးဘူးဆိုတာ မကြုံဖူးတာကို ပြောတာဖြစ်မယ် မကြုံဖူးတဲ့ လူတစ်ယောက်က လူတစ်ယောက်ရဲ့ ငိုကြွေးခြင်းကို လောင်ပြောင်တတ်ကြတယ် ငရုတ်သီးဆိုတာ စားဖူးမှ စပ်တယ်ဆိုတာကို သိတာပါ စပ်နေသူက စပ်တယ်ပြောနေပေမဲ့လည်း မစားဖူးသူကတော့ စပ်တဲ့ အရသာကို ဘယ်သိနိုင်ပါ့မလည်း အဲ့ဒီလိုပါပဲ

ကောင်မလေး။ ။ ငိုကြွေးခြင်းရဲ့ အကြောင်းအရင်းကို မသိလို့နေမှာပါ

ကောင်လေး။ ။ကျေးဇူးပြု၍ ပေးဆပ်မှုတစ်ခုကို ဟားမတိုက်စေချင်ဘူး ငိုကြွေးခြင်းရဲ့ အကြောင်းအရင်းကို သိဖို မသိဖို့ဆိုတာထက် ခံစားတတ်သူအဖို့တော့ အကြောင်းအရင်းမသိသေးလည်း မျက်ရည်ကျနေသူကို မြင်ရင် စိတ်မကောင်းဖြစ်တတ်ကြတာပဲ

ကောင်မလေး။ ။လူတွေတော်တော်များများကတော့ အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်လေ

ကောင်လေး။ ။ အပြင်ပန်းကိုအရင်ကြည့်ပြီးမှာသာ အတွင်းစိတ်ကို မြင်နိုင်သာပါ

ကောင်မလေး။ ။အရာရာကို တံတိုင်းခတ်ပြီး ကာရံထားသူဟာ ခံစားချက်ကင်းမဲ့ပြီး အေးစက်နေတာမဟုတ်ပါဘူး.. တကယ်တော့ တခြားသူတွေအားလုံးထက်ပိုပြီး ကြောက်နေလို့ပါလေ..

ကောင်လေး။ ။ချစ်ခြင်းရဲ့လမ်းစမှာ ကြောက်လန့်နေခြင်းက ချစ်ခြင်းလမ်းစ ပျောက်နေသူတစ်ယောက်လိုပါပဲ ကြောက်လန့်ခြင်းတွေသာ မရှိရင် အချစ်ရဲ့သဘောတရားကို သူ သိသွားမှာပါ

ကောင်မလေး။ ။ လွတ်ကျရုံနဲ့ ကြေမွသွားမယ့် ဖန်လုံးတစ်လုံးမို့ တစစီ ဖြစ်မသွားအောင် ဖော့ဘူးထဲက မထွက်ရဲတာပါ...

ကောင်လေး။ ။ လက်တွဲခေါ်မဲ့သူရှိနေတဲ့အခါ မကြောက်ဖို့တော့ လိုတာပေါ့

ကောင်မလေး။ ။တံတိုင်းခတ်ထားတဲ့ အ၀န်းအ၀ိုင်းထဲမှာ နေသားကျနေပြီမို့ အပြင်ထွက်ဖို့ စိတ်ကူးမယဉ်ရဲရှာပါဘူးလေ..ပိုနေမြဲ ကျားနေမြဲ တဲ့ စကားပုံတောင် ရှိသေးတယ်လေ

ကောင်မလေး။ ။ ချစ်ခြင်းမှာ အဲ့ဒီ စကားပုံက အရာမ၀င်ပါဘူး အရာဝင်သာဆိုလို့ အချစ်မှာ မျက်စိ မရှိဘူးဆိုတာပါပဲ လမ်းမလျှောက်တတ်သေးတဲ့ ကလေးတစ်ယောက်ကို တစ်ယောက်ယောက်က လက်တွဲကူမပေးမှ လျှောက်တတ်သလိုပေါ့....

အမှတ်တရရှိခဲ့သည်ဖြစ်စေ မရှိခဲ့သည်ဖြစ်စေ သူမသည် ကျွန်ုပ်၏ ရင်ခွင်ထဲသို့ ရောက်မလာသေးပါ။ မှောင်စပျိုး၍ မာကြူရီမီးတိုင်များအောက်မှာ အတူလျှောက်ခဲ့ပေမဲ့လည်း အထီးကျန် ရင်ခုန်သူ ကျွန်ုပ်အား စိတ်ကစားသည်ဟု သူမ သတ်မှတ်လေမလား တွေးရင်းဖြင့်....

{ဇောင်း}

0 comments:

Post a Comment