Pages

Friday, February 11, 2011

မင်းအဖေ ဘာအလုပ် လုပ်လည်း........

အလုပ်အကိုင်ကတော့ သူများတွေ သိပ်မလုပ်တဲ့ အလုပ်မို့ ဦးတောက်ထိန်အဖို့ ၀င်ငွေပုံမှန်ရနေလျှက်ပါ။ ရွံ့ထဲ မြောင်းထဲ အမှိုက်ပုံထဲ အိမ်သာထဲ နေရာအနှံ့စီးနင်းထားပြီး ပျက်စီးလာပါက ပြုပြင်ချုပ်ပေးရတဲ့ ဖိနပ်ချုပ်အလုပ်လို့ ပြောရင် မှားမည်မဟုတ်ပါ။ အလုပ်ဆိုသည်မှာလည်း သူများတွေမလုပ်တဲ့ အလုပ်ကိုလုပ်မှ ၀င်ငွေပိုရမည်မဟုတ်ပါလား၊ ဒါတောင်မှ မြန်မာတို့ရဲ့ စိတ်ရင်းဖြစ်ကြတဲ့ တစ်ယောက်လုပ်ရင် လုပ်လိုက်ကြတဲ့ အကျင့်လေးတွေက ရှိနေလေတော့ တစ်ခါတစ်ရံ ဦးတောက်ထိန်အတွက် ဖိနပ်ချုပ်တဲ့ အလုပ်ဟာလည်း မလွယ်ကူလှပါဘူး၊ ပြိုင်ဖက်တွေကလည်း ပေါ်လာခဲ့ပြန်ပါသည်။ ဒီလိုနဲ့တွက်ခြေမကိုက်တော့လို့ ဦးတောက်ထိန်က ထီးပြင်၊ ဖိနပ်ချုပ်၊ မီးခြစ်ဂတ်ထည့်တဲ့ အလုပ်ကို ချဲ့ထွင်လာခဲ့သည်။

ဖိနပ်ချုပ်တဲ့ အလုပ်ဆိုတာ လူတိုင်းသိပ်မလုပ်ချင်ကြတဲ့ အလုပ်ပါ၊ ဖိနပ်ချုပ်သောအလုပ်သည် လွယ်ကူသောအလုပ်မဟုတ်ပါ။ ဦးတောက်ထိန်၏အလုပ်သည် အခြားသူများ ရဲ့ အထင်သေးအမြင်သေးခြင်းကိုလည်း ခံရသည် သို့သော်လည်း သူ၏ မိသားစုစားဝတ်နေရေးအတွက် ထိုအလုပ်သည် အဓိကဖြစ်နေတော့သည်။

--==-- --==-- --==--

ကျောင်းခန်းထဲမှာ တစ်ချို့တွေက မင်းတို့အဖေဘာလုပ်လည်း ငါတို့အဖေက စစ်ဗိုလ်လို့ ပြောသူကပြော ငါတို့အဖေက ဆရာဝန်၊ ငါတို့အဖေက ကုန်သည် ငါတို့အဖေက အင်ဂျင်နီယာ စသည်ဖြင့် ကောင်းသောနမ်စားတွေကို ပိုင်ဆိုင်ကြတဲ့ ကလေးများကတော့ ကြွားလုံးထုတ်ဖို့ ရဲဝံ့ပေမဲ့ မရဲဝံ့သူကတော့ မောင်သံချောင်းလေးပါ၊ ဟုတ်ပါသည် မောင်သံချောင်းသည် ဦးတောက်ထိန်၏ ဒုတိယမြောက် သားဖြစ်ပြီး ယခုဆိုရင် မောင်သံချောင်းဟာ ဒုတိယတန်းတတ်နေလျှက်ပါ။ သူ့ရဲ့အဖေဟာ ဖိနပ်ချုပ်သမား ထီးပြင်သမားလို့ သူထုတ်ဖော်ပြောဆိုရမှာ မစွမ်းသာဖြစ်နေတော့သည်။ သူ့အတွက် အားငယ်သွားမလား၊ သူ့အဖေအတွက် မျက်နှာငယ်သွားမလား မည်သို့တွေးနေသည်ကိုတော့ မပြောတတ်။ အသက်အရွယ်ငယ်ရွယ်သူတစ်ယောက်ဖြစ်သောကြောင့် စဉ်းစားမှုနှုန်းအားများမှာလည်း ကလေးသာသာမျှသာ။ ထိုသို့ကလေးအတွေးမျိုးကြောင့် သူ၏ဖခင် နေ့တိုင်းလုပ်နေရသော ဖိနပ်ချုပ်အလုပ်ကိုင်ကို မောင်သံချောင်းလေးမှာ စိတ်ပျက်သယောင်ရှိနေသည်။

--==-- --==-- --==--

တစ်နေ့၌ မောင်သံချောင်းလေးသည် ကျောင်းမှအပြန် သူ၏ဖခင်ဖြစ်သူ ဦးတောက်ထိန်၏ ဖိနပ်ချုပ်သော ဆိုင်တဲလေးသို့သွားပြီး ကလေးပီပီတိုးတီးတိုးတီးလုပ်နေတော့သည်။

“အဖေ သားကိုလေ ကျောင်းခန်းထဲက သူငယ်ချင်းတွေက မင်းအဖေဘာအလုပ်လုပ်လည်းလို့ မေးတယ်ဗျာ....”

“ဟေ... ဘာလို့မေးကြတာလည်း ငါ့သားရ..”

“သူတို့ရဲ့ အဖေတွေက အရာရှိတွေ ၀န်ထမ်းတွေ ရာထူးတွေနဲ့ဆိုတော့ ကြွားချင်လို့နေမှာပါ အဖေရာ... ဒါပေမဲ့........”

“အင်.... ဒါပေမဲ့ ဘာဖြစ်လည်း သား....”

မောင်သံချောင်းလေးမှာ ဘာမှမပြောပဲ တိတ်ဆိတ်နေလေတော့သည်....

“ငါ့သား ပြောမဲ့ စကားတွေကို အဖေသိနေပါတယ်ကွာ... ငါ့ရဲ့အဖေက ဖိနပ်ချုပ်စားတယ်လို့ သားမပြောဝံ့ဘူးဆိုတာ အဖေနားလည်ပါတယ်....”

“အဲ့လို မဟုတ်ပါဘူး အဖေရယ်... သားက သူတို့အဖေတွေက မြင့်တယ် သားရဲ့အဖေက အနိမ့်ဆုံးအလုပ်ကို လုပ်နေရသူဆိုတော့ ရှက်သလိုလို ဖြစ်လို့ပါ....”

“ဒီမယ်သား... အနိမ့်ဆုံးအလုပ်ဖြစ်တဲ့ ထီးပြင် ဖိနပ်ချုပ် အလုပ်က အများအမြင်မှာ မြင်မကောင်းသလိုဖြစ်နေပေမဲ့ သားရယ်.... ဒီအလုပ်က အဖေတို့ မိသားစုအတွက် အသက်မွေးဝမ်းကျောင်းတစ်ခုလို ဖြစ်နေတယ်မဟုတ်လား...”

“လူဆိုတာက အကောင်းဆုံး အဆင့်မြင့်ဆုံးတွေကိုပဲ ရချင်လိုချင်တတ်ကြတာပါ၊ အနိမ့်ဆုံးအောက်ခြေကို ဘယ်သူက ရချင်လိုချင်ကြမှာလည်း သား...”

“ဟုတ်..........”

“ငါ့သားက ငယ်သေးတယ် လူ့လောကကြီးရဲ့ ဒဏ်ကို ကောင်းကောင်းဆိုးဆိုးခံရအုံးမှာပဲ ဒီတော့ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် အရိုးသားဆုံးဖြစ်အောင် လုပ်ပါ၊ ဆိုရိုးစကားတစ်ခုလိုပေါ့သားရယ်... “အလုပ်ဟူသမျှ ဂုဏ်ရှိစွ”တဲ့...”

“ဟုတ်ကဲ့ပါ အဖေ သားမှတ်သားထားပါမယ်....”

“အေး.... ဒါမှငါ့သားပေါ့ကွာ...”

“ဒါနဲ့အဖေ့ကို မေးစရာရှိလို့...”

“ဘာမေးမှာလည်း သားရဲ့ မေးလေ...”

“ဟုတ်.... အဖေက ဒီလို ထီးပြင်၊ ဖိနပ်ချုပ် အလုပ်ကို လုပ်နေရတာ စိတ်ညစ်မိလား...”

“ဘယ်လိုလုပ် စိတ်ညစ်ရမှာလည်း သား၊ ကိုယ်ပိုင်အလုပ်တစ်ခုလိုလည်းဖြစ် ရိုးသားတဲ့ အလုပ်လည်းဖြစ်တော့ ပိုလိုစိတ်ချမ်းသာတယ်၊ ၀န်ထမ်းတွေ အရာရှိတွေ လခစားတွေဆိုတာ “မင်းနားခစား ကမ်းနားသစ်ပင်”တွေလိုပဲ သားရဲ့၊ ဒါကြောင့် အဖေကတော့ အလုပ်အပေါ် ပူပင်ကင်းမဲ့ရတာမျိုးကို သဘောကျတယ်...”

“ဟုတ်ကဲ့ အဖေ သားသဘောပေါက်ပါပြီ...”

“အေး..အေး.. ငါ့သား အိမ်ပြန်ထမင်းစားလိုက်အုံးကွာ... အဖေညကျရင် ဦးမှတ်ကြီး အကြော်ဆိုင်က ကောက်ညှင်းပေါင်းနဲ့အကြော်စုံ ၀ယ်လာခဲ့မယ်.....”

“ဟုတ်ကဲ့ အဖေ ဒါဆို သားပြန်တော့မယ်နော်....”

{ဇောင်း}

0 comments:

Post a Comment