Pages

Monday, February 7, 2011

မချစ်လို့ ထားခဲ့တာမဟုတ်ပါဘူး မောင်ရယ်

ဖြူလွှလွှမျက်နှာကျက်၊ အေးစက်တဲ့ သံတိုင်တခုရဲ့အထိအတွေ့ ၊စူးရှရှ နှာဖျားကိုရောက်လာတဲ့ ဆေးနံ့ 



အော်....

ဒါကျမရောက်နေကျနေရာနဲ့  ကျမ မရောက်ချင်ဆုံးနေရာပဲ။ သိလိုက်တယ်။

အင်း.... ကျမ နာက်ဆုံး သိလိုက်တဲ့အသိက မောင့်ရဲ့ ခက်ထန်တဲ့အကြည့်တွေ၊ စကားလုံးကြမ်းကြမ်းတွေ၊ ပြီးတော့ ပြင်းထန်တဲ့ မောင့်လက်သီးတချက်နဲ့  မောင့်လက်တကမ်းအလိုက ကျမ၊ ပြီးတော့ အမှောင် အမှောင် အမှောင်.... ကျမအကြောက်ဆုံး အမှောင်တွေ....မောင်ကျမကိုပေးလိုက်တဲ့ အမှောင်တွေ.....



တဆစ်ဆစ်နာနေနဲ့  ပါးပြင်၊ ဒီထက် တဆစ်ဆစ် ကွဲအက်နေတဲ့ နှလုံးသား၊ ဒီထက် ပြန်ဆက်မရတော့တဲ့ မောင်နဲ့ ကျမတို့ ရဲ့အတိတ်တွေ

ရက်စက်လိုက်တာ မောင်ရယ်...။



ကျမ မတွေးဘူး....ဒါမဟုတ်ဘူး.... မဟုတ်ဘူး၊ ဒါတွေအစစ်မဟုတ်ဘူး၊ အတုတွေ၊ အိမ်မက်တွေ၊ ဟာ..... ဒါတွေက အိမ်မက်တွေဖြစ်ပါစေ.... အိမ်မက်တွေပဲဖြစ်ရမယ်... ကျမ အိမ်မက်ကနိုးထလာတဲ့ သူပါနော်မောင်....။



လက်တွေ့ က ကျမကို မျက်နှာသာမပေးဘူး မောင်။ ကျမလိုချင်ခဲ့သလို အိမ်မက်တွေမဟုတ်ဘူးမောင် ကျမဘေးမှာ မောင်မှမရှိတာ၊ ခုရောက်နေတာ ကျမနိုးထနေကျ မောင့်ရင်ခွင်မဟုတ်ဘူး၊ ကျမသိပ်မုန်းတဲ့ အနံတွေပြည့်နေတဲ့နေရာ၊ ကျမအမြဲထိတွေ့ နေတဲ့နေရာ၊ကျမသိပ်မုန်းတဲ့နေရာ မုန်းတယ်မောင်ရာ ကျမ သိပ်မုန်းတာပဲ... မောင်၊ မောင်ရယ် ကျမ မောင်မရှိတဲ့နေရာတိုင်းကိုမုန်းနေသူပါ....၊ ကျမကို မြန်မြန်လာခေါ်ပါတော့၊ ဒီနေရာကိုမုန်းလွန်းလို့ ပါမောင်ရယ်...။



မောင်.... အတိတ်နေ့ စွဲတွေမှာ မောင် ကျမကို မောင်သိပ်ယုယခဲ့၊ ဂရုစိုက်ခဲ့တာနော်၊ သိပ်ကြင်နာခဲ့တာပဲနော်။ မောငိ ကျမရဲ့ အတိတ်နဲ့  ပစ္စုပ္ပန် ဘာလို့  ထပ်တူမကျရတာလဲ...မောင်ကတိတွေပေးခဲ့တယ်လေ ကျမရဲ့ အနာဂါတ်တွေမှာ မောင် ကျမနားအမြဲရှိနေပေးမယ်ဆို

ခုတော့မောင်ရယ်.....ကျမ မောင့်ကိုယုံတယ် ဒါမောင်မဟုတ်ဘူး...ဒါကျမမောင်မဟုတ်ဘူး၊ ကျမမောင်က ကျမကိုသိပ်ချစ်တာနော်... မောင် ဟုတ်တယ်နော်မောင်....မရယ်ရူးလိုက်တာလို့  ပြောပြီး နဖူးလေးကိုနမ်းပါလှည့်လားမောင်ရယ်...။



အား...ရင်ထဲကျပ်လိုက်တာ.. အသက်ရှူတွေမ၀ဘူး... မောင့်အနွေးဓါတ်လေးများရရင် နေသာမလားမသိဘူးမောင်ရယ်... မောင့်ရနံ မောင့်အနွေးဓါတ်နဲ့  မောင့်အထိ

အတွေ့ တွေကို တမ်းတမိတယ်မောင်...။ နူးညံ့လွန်းလို့ ပါမောင်...ခုတော့...ခုတော့....။



မှတ်မိပါသေးတယ်မောင်...။

မောင်နဲ့ မစတွေ့ တဲ့ နေ့ လေးဆီကပေါ့...၊ ဆံပင်ရှည်ရှည် မျက်နှာပုပ်သိုးသိုးနဲ့  ဂျစ်ကန်ကန် မောင့် သွင်ပြင်လေးလေ...၊ လူဆိုးလေးလို့  အသိများတဲ့ ကျမရဲ့မောင်က ကျမအမြင်မှာတော့ ကလေးလေးတယောက်လိုပါပဲမောင်၊ ဘာမှမသိသေးတဲ့ ရိုးသားတဲ့မောင် လို့ အဲ့ထဲက ကျမ မသိစိတ်က သိလိုက်တယ်မောင်...။



ဂိုက်တိုင်း လန့် ပြေးရတဲ့ မောင့်ဆိုးပုံတွေ၊ တော်ရဲ့သားနဲ့  ပေကပ်ကပ်နိုင်ပုံလေးတွေ၊ မထိတထိနဲ့ ရိတတ်တဲ့ မောင့်ရဲ့သတင်းလေးတွေက ကျမတွေ့ ဖူးတဲ့ တပည့်လေးတွေနဲ့ မတူဘူးဆိုတဲ့ အသိ ကျမမှာရှိပြီးသားပါမောင်...။

ကျမရိုးသားခဲ့ပါတယ်မောင်ရယ်၊ မောင့်ပေါ်ကိုသာယာစိတ်ထက် စေတနာစိတ်သာများခဲ့တာပါ...။ ယုံပါနော်...။ ကျမကမိန်းကလေးပါ မောင်၊ အသဲနုတော့ ခံစားချက်လဲ ပြင်းတယ်မောင်။ ဒါကိုနားလည်ပေးပါနော်။



နာလိုက်တာမောင်ရာ အကြောထဲက အပ်တွေထက် မောင်ကျမကို ဆက်ဆံတာတွေက ပိုနာတယ်မောင်ရာ....

ခြောက်နေတဲ့ ကျမနှခမ်းတွေကို မောင့်အနမ်းတွေနဲ့ စိုဆွတ်ခွင့်ပြုပါအုံး...။ တမ်းတမိတယ်မောင်...။

တချိန်က မောင်မြတ်နိုးခဲ့တဲ့ ဖူးဖူးဖောင်းဖောင်းလက်လေးတွေက ခုတော့ အပ်တန်းလန်း ပိုက်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ နွယ်တက် သစ်ပင်အို လိုပါပဲမောင်...။



မအတွေးတွေထဲရောက်လာပြန်ပြီမောင်...

ဒီလိုနဲ့ စာသင်နှစ်တနှစ်ဆိုတဲ့ ကုန်ဆုံးချိန်မှာ မောင်ကျမကို ချစ်ပန်းတွေပွင့်ပါ့ရစေလို့  ခွင့်တောင်းခဲ့တယ်နော်...။ ကျမလေ အတန်အတန်စဉ်းစားခဲ့ပါတယ်...။ အသက်တွေလဲကွာတယ်မောင်ရယ် ကျမနှလုံးသားကို ဘယ်လိုလှုပ်ရမှန်းလဲ မသိသေးလို့  မောင့်ကိုကျမအချိန်ဆွဲခဲ့သေးတယ်နော်။ မရပါဘူးမောင် ကျမ မထိန်းနိုင်ခဲ့ပါဘူး...။ ခေါင်းငြိမ့်လိုက်မိတဲ့ အဖြေကြောင့်လား၊ မေ့ပစ်လို့ မရအောင် ဖြူစင်တဲ့ မောင့် အပြုံးလေးတွေကြောင့်လား....။ ကျမမောင့်အနားကနေ ပြေးထွက်လို့ မရတာတော့အမှန်ပဲမောင်...။



"သမီး သတိရလာပြီလား"



အတွေးစတွေ ပျက်သွားအောင် အရမ်းကိုသိမ်မွေ့ အားရှိစေတဲ့ မေမေ့အသံကြောင့် ခဏသာတော့ ကျမရင်ကို အေးမြစေခဲ့တယ် မောင်...။



ဟုတ်မေမေ.....မောင်ရော....မေမေ...။

ကျမအတမ်းတဆုံး လူတယောက်ကို ကျမ မေးပိုင်ခွင့်ရှိမယ်ထင်တယ်နော်...။

ဒါပေမယ့် ကျမပြန်ရလိုက်တာက မေမေ့ရဲ့ ညိုးငယ်တဲ့ မျက်နှာပါပဲမောင်....။



သမီးဘာမှမတွေးနဲ့ နော် သမီး ရဲ့ယောကျာင်္းက သမီးအတွက် စာချုပ်နှစ်ခု ချမ်ထားခဲ့တယ်...။



ဘာဘာစာချုပ်လဲ....။ စာရွက်တွေပါကွာ....။ စာရွက်တွေ ဟုတ်တယ် စာရွက်တွေ ကျမအတွက် တန်ဖိုးမရှိဆုံးနဲ့  မမြင်ချင်ဆုံး စာရွက်တွေ...။ မောင်ရယ် လုပ်ရက်လိုက်တာ....။ တရားဝင် သဘောတူ ကွာရှင်းပျက်စဲခြင်း။ ပိုင်ဆိုင်မှုအရပ်ရပ်အား တ၀က်ခွဲဝေ ပေးခြင်း။အား.... ဟာသတစောင်ထက်တောင် ရီဖို့ ကောင်းတဲ့ စာရွက်တွေ...။ ကျမအတွက်တော့ သေမိန့် စာတွေလဲဟုတ်မယ်မောင်...။



"မင်းငါ့ကိုယူခဲ့တာ ငါ့ပိုင်ဆိုင်မှုတွေကြောင့်လားတဲ့" မောင့်စကားတွေက သိပ်ရီခဲ့ရဖူးတဲ့ ပျက်လုံးတွေပေါ့မောင်...။ ကျမအတတ်ပညာတွေနဲ့  ကျမ မောင့်ကိုအားကိုး ဖို့ မလိုအောင် ခြေထောက်တစုံပိုင်ထားတာပါမောင်။ တခုပဲရှိခဲ့တယ် ဒီခြေတွေနဲ့  ရပ်နိုင်အောင် မောင့် ရဲ့ အကြင်နာတွေတော့လိုခဲ့တယ်မောင်။ ဒီတခုထဲပါ ကျမလိုချင်တာဒီတခုထဲပါ။ မောင်နားလည်မှူ တွေမလွဲပါနဲ့ နော်...။



သိပ်ကြင်နာခဲ့တဲ့မောင်က ကျမအနားကနေ ပြေးထွက်ဖို့  ကြိုးစားမယ်လို့ ကျမဘယ်တော့မှ မတွေးခဲ့မိဖူးဘူး...။ ဖြူစင်တဲ့ကျမမောင် ကို နေထွက်နေမိုးချုပ် အိမ်မကပ်အောင်လုပ်ရတဲ့ အလုပ်တွေက အရောင်ဆိုးတာလား၊ စူးရှရှအနံတွေနဲ့  ရွှေဝါရောင်အရည်တွေက အရောင်ဆိုးတာလား၊ ညုတုတုနဲ့  မောင့်ဖုန်းထဲက အသံတွေကပဲ အရောင်ဆိုးခဲ့တာလား။



သေချာတာတော့မောင်ရယ် ကျမ မောင့် အလိုတိုင်း နေခဲ့ပါတယ် အငွေ့ တွေ မွှန်နေတဲ့အခန်းထဲ ကျမ မွေးရာပါရောဂါကို မညှာပဲလဲ နေခဲ့ဖူးရဲ့၊ သိပ်ရွှံတတ်တဲ့ကျမ အန်ဖတ်တွေလဲကျုံးခဲ့ဖူးရဲ့၊ ကိုကိုရှိလားဆိုတဲ့ အဆင့်မရှိဖုန်းတွေလဲကိုင်ခဲ့ဖူးရဲ့၊ ဒါလားမောင့်အလုပ်တွေ၊ ဒါလား ကျမတို့ ဘ၀ရှေ့ ရေးတွေ၊ ဒါလား မောင့်စီးပွားရေးတွေ ကျမမေးခဲ့ဖူးလို့ လားမောင်...။



ကျမ မိန်းလေးတယောက်ပါမောင်၊ လူတယောက်ပါမောင်၊ မောင့်အနားက မခွဲရရင်နေပါစေ အရုပ်လေးတရုပ်လို နေခဲ့ချင်တာပါမောင်။ ဒါပေမယ့် ကျမ အသက်ရှိနေတယ်၊ နှလုံးသားရှိနေတယ်၊ ခံစားချက်ရှိနေတယ်မောင်...။



ညည့်နက်လွန်းတဲ့တည မှောင်လိုက်တာမောင်ရာ ကျမ မောင့်ကိုစောင့်နေရင်း ဧည့်ခန်းထဲမှာ အိပ်ပျော်ခဲ့ရတာ ဒီတညနောက်ဆုံးလား နောက်ဆုံးမဖြစ်ပါ့ရစေနဲ့ မောင်...။ မောင်နဲ့ ကျမ နောက်ဆုံးဆိုတာချည်းမသုံးချင်လွန်းလို့  နောက်တခါလို့  ကျမသုံးခဲ့ဖူးတယ်နော် ခုတော့တကယ်နောက်ဆုံးများလား မောင်ရယ်...။



တကယ်က ကျမ မောင့်ကို စောင့်နေတာပါ...။ ကျမဆေးစစ်ထားတဲ့အဖြေ ဒီနေ့ ပဲရတယ်မောင်... မွေးရာပါအဆုပ်အားနဲတဲ့ ရာဂါနဲ့  မောင့် အကြိုက် အခန်းကျဉ်းထဲက အငွေ့ တွေကြောင့် မမှာ အဆုပ်ကင်ဆာဖြစ်နေပြီတဲ့မောင်...။ ကျမရောဂါကိုမကြောက်ဘူးမောင် ကျမ မောင့်ကို ခွဲသွားရမှာပဲ ကြောက်ခဲ့တာပါ။ ကျမ သိပ်အားငယ်နေခဲ့တာပါမောင်...။ ကျမအားအကိုးရဆုံး လူတယောက် အပြန်ကိုစောင်နေခဲ့တာပါမောင်...။



မောင်ရယ် အဲ့နေ့ က မောင်အရင်ညတွေထက် ပိုပြီး လောကကိုမေ့တယ်၊ အရင်ထက်ပိုပြီး ခြေလှမ်းတွေပိုယိုင်နေတယ်၊ အရင်ညတွေထက်ပိုပြီး ကျမကိုရက်စက်တယ်နော်...။ ဒီလောက် လူမှန်းမသိအောင်ဖြစ်နေတဲ့ကြားက မောင်က လက်ကိုင်ဖုန်းတော့ အကိုင်မပျက်ဘူးနော် "သဲရေ ကိုကို အိမ်ရောက်နေပြီ သဲလေးကိုလွမ်းလိုက်တာတဲ့" မပီဝိုးတ၀ါးစကားတွေ ဒါပေမယ့် ကျမ မောင့်အသံကိုကြားနေကျပါ။ မောင့်ဘာသာစကားတွေကို ကျမနားလည်တယ်မောင်...။ အားငယ်စိတ်တွေနဲ့ အတူ မောင့်ကို ကျမ တချက်ထဲပါ တချက်ထဲ ကျမပေါက်ကွဲခဲ့တယ်။



တန်တဲ့ အကျိုးကျမပြန်ရလိုက်တာလားမောင်။ "မင်းလိုကောင်မကို ငါသိပ်ပေါင်းချင်တယ်မထင်နဲ့ "တဲ့။ ကျမကို သုံးလိုက်တဲ့ နာမ်စားက ပြင်းတယ်မောင်။ သိပ်ပြင်းတယ်...။



ပြီးတော့ .....

မောင့်ရဲ့ ခက်ထန်တဲ့အကြည့်တွေ၊ စကားလုံးကြမ်းကြမ်းတွေ၊ ပြီးတော့ ပြင်းထန်တဲ့ မောင့်လက်သီးတချက်နဲ့ .....



မောင် ကျမ ရင်ထဲသိပ်ကျပ်တယ်မောင် ...လက်တွေလဲတုန်နေပြီမောင်ရယ်.... အသက်ရှုတွေလဲမ၀ဘူး....

မောင် ကျမကို ခွဲမသွားပါနဲ့ နော် ...။ ကျမလဲမောင့်ကိုမခွဲနိုင်ဘူးမောင်...။ စာရွက်တွေထက် ကျမရင်ထဲက အသဲနှလုံး မောင့်ကို ကျမ မလဲနိုင်လို့ ပါမောင်...



မောင် မောလိုက်တာ....ကျမ အမြင်တွေမှုန်ဝါးနေပြီ၊ ကျမ မလိုချင်တဲ့ ကျမမုန်းတဲ့ အမှောင်တွေ... အမှောင်တွေ.... အမှောင်တွေ ထဲကိုတိုးဝင်ရင်း....



တကယ်လို့ လေ မောင့်ကိုထားသွားခဲ့ရရင်တောင် မချစ်လို့ ထားခဲ့တာမဟုတ်ပါဘူးမောင်ရယ်......



မြို့ စားလေး

0 comments:

Post a Comment