နွေလယ်လမို့ ၀န်းကျင်တစ်ခုလုံး တံလျှပ်တံခိုးများဖြင့် တရိပ်ရိပ်....။ အချိန်ကား နေ့လယ်ခင်းအချိန်...။ အသိတစ်ခုကြောင့် မိဂျမ်း လှဲနေရာမှ ခေါင်းထောင်ကြည့်လိုက်သည် ။ အိမ်ရှေ့ ကွက်လပ်တွင် မစိုး ဧ။် သားသမီးနှစ်ယောက်ဖြစ်သော ကျော်ကျော် ၊ မီးမီး တို့နှင့် ကစားနေသော မိဂျမ်းဧ။် သားလေးကိုတွေ့မှ စိတ်အေးသွားသည် ။ မစိုး ဆိုတာ မိဂျမ်း တို့ရဲ့ ကျေးဇူးရှင်ပါ ။ မိဂျမ်း တို့ကို နေစရာလည်းပေး ၊ စားစရာ လည်း ကျွေးထားသည်လေ ။ မိဂျမ်း ငယ်ငယ်လေး ကတည်းက ဒီအိမ်တွင် နေလာခဲ့တာ အခုဆိုလျှင် သားလေးပင် ရှစ်လ ကျော်လို့ ကိုးလသား ပင်ရှိပြီ ။ မိဂျမ်းက လည်း ကျေးဇူးမကန်းတတ်ပါ ။ ရပ်ကွက်ထဲရှိ လူတိုင်းလိုလို မိဂျမ်းကို ခပ်ချဉ်ချဉ် ။ မိဂျမ်း က စွာသည် ။ ထက်သည် ။ သန်သည် ။ ယောက်ျားရင့်မာ ကြီးများပင်လျှင် မိဂျမ်း ဆို ခပ်လန့်လန့် ။ ဒီတော့ မစိုးက မိဂျမ်းကို အားကိုးရသည်လေ ။ အခု သားလေးမွေးတော့လည်း မစိုး တို့ မိသားစုက အချစ်ပိုခဲ့သည်ပဲမဟုတ်လား ။
ရုတ်တရက်ကြားလိုက်ရသည့် မိဂျမ်းသားလေးဧ။်အော်သံကြောင့် အတွေးတို့ပြတ်သွားသည် ။ ကလေးတွေ အချင်းချင်းဆော့ကစားကြရင်း ဘာဖြစ်ပြန်ပြီလဲမသိ ။ အိမ်ထဲမှ အပြင်ထွက်၍ ကြည့်လိုက်သည် ။ အမလေး....မိဂျမ်း သားလေးကို အရုပ်ကလေးတစ်ရုပ်ကဲ့သို့ ပြုမူ နေသော ကျော်ကျော့် ကိုတွေ့လိုက်ရသည် ။ မိဂျမ်းသားလေးကို ကန်ကျောက်နေလိုက်တာ ။ ကိုယ်ချင်းစာစိတ်မှ မရှိကြဘူးလား ။ မိဂျမ်းရင်ထဲ စူးခနဲ ဖြစ်သွားသည် ။ ပြီးတော့ ဘာလုပ်လို့ လုပ်လိုက်မိမှန်း မသိ ။
“ အား ”
ကျော်ကျော် ဧ။် အော်သံ ....။ ပြီးတော့ သူ့လက်ဖျံမှ စီးကျလာသည့်သွေးများ ။
“ မေမေ ရေ ....လာပါဦး....ဒီမှာ မိဂျမ်း ကိုကို့ ကို........ကိုကို့ ကို..........”
မီးမီး က အလန့်တကြား ဖြင့် သူ့အမေကို လှမ်းခေါ်သည် ။ စိုးရိမ်ကြီးစွာဖြင့် မစိုး ပြေးထွက်လာသည် ။ အမေ ချင်းမို့ မိဂျမ်း ကိုယ်ချင်းစာပါသည် ။ စောစောက မိဂျမ်း လည်း အဲ့လို ခံစားခဲ့ရသည်ပဲ....။
“ အမလေး......လာကြပါဦး....ဒီမှာလေ မိဂျမ်း ကျွန်မသားလေးကို.............”
မစိုး ဧ။် ပတ်ဝန်းကျင်ကို အကူအညီတောင်းသံက မိဂျမ်းအတွက်တော့ သေမိန့်ချသံအလား..။ သိတယ် မဟုတ်လား...။ နဂိုကတည်းက မိဂျမ်း ကို ခပ်ချဉ်ချဉ် ဖြစ်နေသော အိမ်နီးချင်း များကလည်း တုတ်တွေ ၊ ဓါးတွေ နှင့် ၀ိုင်းလာသည် ။ လူအုပ်ကြီး အလယ်တွင်တော့ မိဂျမ်း နှင့် မိဂျမ်း သားလေး ....။ သားလေး ခမျာ ကြောက်လွန်း၍ တုန်နေရှာသည် ။ မကြောက်နဲ့ သားလေး...မေမေ တစ်ယောက်လုံးရှိတယ် ။ ဘယ်သူပဲဖြစ်ဖြစ် ရင်ဆိုင်ပစ်မယ်......ကဲ ....ကြိုက်တဲ့ သူ တက်ခဲ့စမ်း...မိဂျမ်းတဲ့ တစ်ဂျမ်းတည်း ရှိတယ် ။
“ ဟေ့....အမျိုးသမီးတွေ နောက်ဆုတ်....ဒီ ကောင်မ ကြည့်ရတာ ပုံမှန်မဟုတ်ဘူး...ရူးနေပြီနဲ့ တူတယ် ”
လူအုပ်ကြီးထဲမှ စကားသံထွက်လာသည် ။ မိဂျမ်း ကိုများ အရူးတဲ့ ။ လူတိုင်းလည်း တစ်ယောက်တစ်မျိုးဆီ ရူးနေကြတာပဲ ။ ဒါပေမယ့် မိဂျမ်းက သားကိုချစ်တဲ့ စိတ်ကြောင့် ရူးတာ ။ ဟုတ်တယ် ။ မိဂျမ်း ရူးပြီ ။ နောက်တော့ မိဂျမ်း မျက်လုံးထဲ သားလေးမှ လွဲပြီး ဘာမှမမြင်တော့..။ မည်းမည်း မြင်ရာ ပတ်ရမ်းပစ်သည် ။
“ ဟေ့...ရှောင်ကြဟေ့.. လွတ်အောင်ရှောင်ကြ...မမိစေနဲ့...ဒီကောင်မ အကုန်လိုက်မဲနေပြီ ”
“ မထူးဘူးကွာ....ဒီကောင်မ ကို အရှင် မထားနဲ့ ”
“ ဟုတ်တယ်...နောက်လူတွေပါ အန္တရာယ်ရှိတယ်...”
“ မစိုး တို့မိသားစုပါ အန္တရာယ် ကင်းတာပေါ့  ”
“ ချ ကွာ ချ....”
“ သတ်ပစ်ကွာ ”
နောက်တော့ မိဂျမ်း ကိုယ်ပေါ် ကျရောက်လာသော တုတ်တွေ ၊ ဓါးတွေ ။ မိဂျမ်း မရှောင်ပါ ။ ရှောင်၍လည်းမရ ။ သားလေးကို မထိခိုက်အောင် မိဂျမ်း ကိုယ်နှင့် ကာထားရသည်လေ ။ နောက်တော့ မိဂျမ်း မျက်လုံးတွေေ၀၀ါး လာသည် ။ ပြီးတော့ ကိုယ်အနှံ့ ပေကျံနေသည့် စေးထန်းထန်း အထိအတွေ့များ ။ သွေးတွေ ....သားလေးကိုပါ မိဂျမ်းသွေးတွေ စိုကုန်သည် ။ သားလေးကိုယ်ပေါ် မှပေကျံနေသည့် မိဂျမ်း သွေးများ ..။ ဒါ့အပြင်... သားလေးကိုယ်ထဲမှ စီးဆင်းနေသည့် မိဂျမ်း ဧ။် သွေးများ ။ ဟုတ်သည်....။ သားလေးဟာ မိဂျမ်းရဲ့သွေး...။ မိဂျမ်း ဘာဖြစ်ဖြစ် သားလေး ဘာမှ မဖြစ်ဖို့အရေးကြီးသည် ။
အိုးထိန်းစက်ကဲ့သို့ လည်နေသော လောကကြီး...။
တဖြည်းဖြည်းမည်းမှောင်လာသောလောကကြီး.....။
နောက်တော့...........
နောက်တော့..........
................
.................
“ ဟဲ့....ဟဲ့.....နေကြပါဦး....ဘာလို့ ခွေးကို သတ်နေကြတာတုန်း...”
အသက် ၆၀ ခန့် လူကြီးတစ်ယောက် လူအုပ်ထဲဝင်လာသည် ။
“ ဒီ ခွေးမ ရူးနေလို့ ဘကြီးမြရဲ့....ကျော်ကျော့် ကိုလည်း ကိုက်တယ်...”
လူငယ်တစ်ယောက်က ပြန်ဖြေသည် ။
“ နေကြစမ်းပါဦး...ငါ ကြည့်ဦးမယ်...ဟာ ....အောက်မှာ ခွေးသေးသေးလေး တစ်ကောင် ရှိသေးပါလား.....အင်း....မင်း တို့ လူငယ်တွေ တယ်ခက်တာပဲ......”
“ ဘာဖြစ်လို့လဲ ဘကြီးမြရဲ့....”
“ ဒီ ခွေးမကို သေချာကြည့်စမ်း....မျက်လုံးကလဲ ပုံမှန်ပဲ...အမြှီးလဲ မကောက်ဘူး....လျှာမထွက်ဘူး....သွားရည်မကျဘူး...ခွေးရူး လက္ခဏာ မပြတာကို....ငါ့ အထင်တော့ မင်းတို့ သူ့ကလေးကို ဘာသွားလုပ်လဲမှ မသိတာ ”
“ ဟာ...ဟုတ်မယ် စောစောက ကျော်ကျော်လေ...ဒီခွေးပေါက်ကလေးကို ကန်ကျောက်နေတာ တွေ့တယ် ”
“ အဲ့ဒါကြောင့် မင်းတို့ လူငယ်တွေကို...ငါ ပြောတာပေါ့...ခွေးတွေ သားပေါက်ရင် ဝေးဝေးကရှောင်ပါလို့...အခု ဒီခွေးမကိုပဲကြည့်...သူ့ကလေးတောင်တော်တော်ကြီးနေပြီ.....ဒါပေမယ့်...သားစိတ်မကုန်သေးဘူး....အင်း....အနိစ္စ.....အနိစ္စ. ကဲ....ကဲသွားကြတော့......လူစုခွဲတော့....”
“ ဟုတ်ကဲ့ ...ဘကြီးမြ ”
နွေလေရူးက ဝေ့ခနဲ တိုက်ခတ်သွားသည် ။ သစ်ရွက်ခြောက်တို့က ပြိုက်ခနဲ ကြွေကျကုန်သည် ။ လမ်းလည်ခေါင်တွင်တော့ သေနေသည့် ခွေးမကြီး တစ်ကောင်နှင့် ခွေးသေမကြီးကို လှည့်ပတ်နမ်းရှုပ် ရင်း တအီအီ အီနေသည့် ခွေးပေါက်ကလေး ။
အလို...ခွေးမကြီး ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ စိုရွှဲလို့ပါလား...။ ဒါပေမယ့် ...ထူးဆန်းသည် ။
ထိုမျက်ရည်များတွင်.......၀မ်းနည်းမှု့မပါ...။
ကြေကွဲမှုမပါ.....။
နာကျင်မှုမပါ.....။
မျှော်လင့်မှုမပါ....။
သားတစ်ယောက်အတွက် အသက်စွန့်ရဲသည့် မိခင်တစ်ယောက်ဧ။် ပီတိသာပါလေသည်...။
နှလုံးသားဖြင့် ခံစားနိုင်ကြပါစေ........
0 comments:
Post a Comment