Pages

Monday, February 7, 2011

ကောလာဟာလ မသွားကြဖို့

“ဟိုဘက်ရွာက ပေါ်တော်မူဘုရားက ရောင်ခြည်တော်တွေလွှတ်လို့”တဲ့ ဒီလိုသတင်းမျိုး ကောလာဟာလမျိုးကို မြန်မာပြည်မှာ မကြာခဏကြားရတတပ်ပါသည်၊ ဘုရားရောင်ခြည် တော်လွတ် တာနဲ့ပတ်သတ်၍ စဉ်းစားမိလာသည်၊ ဘာကြောင့်ဘုရားက ရောင်ခြည်တော်လွှတ်တာလဲ၊ တန်ခိုး ကြီးလို့လား၊ ဘယ်လိုဘုရားတွေကရောင်ခြည်တော် လွှတ်တာလဲ၊ ဒီလိုစဉ်းစားတွေးတောရင်း စာအုပ် တွေဖတ်မိရာကအဖြေတွေ့ခဲ့သည်၊ တွေ့ရှိထားသော အဖြေလေးများအား ကိုယ်လိုသူလို မသိသေး သော စာဖတ်ပရိတ်သတ်အားမျှဝေချင်သော ဆန္ဒလေးဖြစ်လာသည်၊ ထို့ကြောင့် ဤစာကို ရေးလိုက် မိပါ သည်၊

ဘာကြောင့်ဘုရာရောင်ခြည်လွှတ်သလဲ၊

ဒီမေးခွန်းလေးကိုအရင်ဖြေကြည့်ချင်ပါသည်၊ ရောင်ခြည်တော်များဖူးမြင်ရခြင်းမှာ အချက်သုံးချက် ကြောင့်ဖူးတွေ့ရနိုင်ပါသည်၊

(၁)ရဟန္တာတစ်ပါးပါးသည် ပရိနိဗ္ဗာန်စံတော်မမူမီ လူနတ်အများကို သနားတော်မူသော အားဖြင့် သူမရှိသည့်နောက်ပိုင်းတွင် ကိုသိုလ်ပွား၍ သဒ္ဓါတရားတိုးပွားစေသောငှါ၊“ငါ၏ အရိုးဓာတ်ဌာပနာ ထားရာစေတီတော်မှ တန်ခိုးတမျိုးမျိုးထွက်ပေါ်ပြသပါစေသတည်း” ဟု အဓိဋ္ဌာန်တော်မူတတ်ပါ သည်၊ထိုအဓိဋ္ဌာန်တော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော်စသော တန်းခိုးများထွက် ပေါ်တတ်ပါသည်၊

(၂) သာသနာတော်ကြီးပွားတိုးတက်ကြောင်းကို လိုလားသောနတ်တို့သည်“ စေတီ တော်ဝယ် တန်ခိုးပြရလျှင် လူအများသည် သာသနာတော်ကို ပို၍ကြည်ညိုကြလိမ့်မည်၊ ကြည်ညိုကြလျှင် ကြည်ညိုသူတို့မှာကုသိုလ်တရား ပွားများကြလိမ့်”ဟုကောင်းမြတ် သောဆန္ဒဖြင့် တန်ခိုးများပြတတ်ပါ သည်၊ ထိုသို့နတ်များ၏တန်ခိုးပြမှုကြောင့် စေတီ တော်မှ တန်ခိုးပြတတ်ပါသည်၊

(၃)သဒ္ဓါတရားကောင်းကြသော အမျိုးကောင်းသာ အမျိုးကောင်းသမီးတို့သည် ပန်း၊နံ့သာ၊ အ၀တ်စ သည်ကို စေတီတော်သို့တင်လှူ၍ ”တန်းခိုးတမျိုးမျိုးပြပါစေသား” ဟု အဓိဋ္ဌာတ်ကြ၏၊ ထိုသို့သဒ္ဓါ တရားထက်သန်သူတို့၏ အဓိဋ္ဌာန်ချက်ကြောင့်လည်း စေတီတော်မှ တန်ခိုးပြတ်တတ်ပါသည်၊

ဤအချက်များကိုထောက်လျှင် ဘုရာရဟန္တာများ အဓိဋ္ဌာန်ခဲ့သောစေတီသာလျှင် ရောင်ခြည်တော် လွှတ်ပါလိမ့်မည်၊ သို့မဟုတ် နတ်များကတန်ခိုးပြမှုနှင့် သဒ္ဓါအားကြီးသူတို့ အဓီဋ္ဌာန်ပြုမှသာ ရောင် ခြည်တော်ထွက်ခြင်းစသော တန်းခိုးတမျိုးမျိုးမြင်ရနိုင်ပါသည်၊

နို့မဟုတ်လျှင် လံကြုတ်ရောင်ခြည်တော်တွေပဲ ဖြစ်နိုင်ပါသည်၊၊

ဖတ်ဖူးထားတာလေး ဖောက်သည်ချပါဦးမည်၊ တစ်ခါက ရွာတစ်ရွာတွင် ရဟန္တာဟု နာမည်ကြီး နေသော ဆရာတော်တစ်ပါးရှိ၏၊ ထိုနာမည်ကြီးရဟန္တာဘုန်းကြီးကား ရွာအထက်က တောင်ကုန်းပေါ် မှ ကျေင်းတွင်သီတင်းသုံးနေ၏။ ရွာမှလူအများကကြည်သဖြင့် ဆွမ်းစားလာပင့်လျှင် “ဒကာတို့ သွားနှင့်ကြ ဘုန်းကြီးနောက်က လိုက်ခဲ့ပါမယ်“ဟု ပြောဆိုကာ ရှေ့မှ သွားနှင့်ခိုင်း၏၊ ဆရာတော်က သင်္ကန်းရုံကာ အေးအေးဆေးဆေးနေခဲ့၏၊ သို့သော် ဒကာတွေမရောက်ခင် ဘုန်ကြီးက ရွာအ၀င်ပေါက်ကို အရင်ရောက်စမြဲဖြစ်နေ၏၊ ထိုအကြောင်းကို ဒကာတစ်ယောက်က စုံစမ်းသောအခါ ဘုန်းတော်ကြီးသည် ဒကာတွေထက် အရင်ရောက်နေခြင်းမှာ ကျောင်းနှင့် ရွာအကြားပေါက်နေသော ညောင်မုတ်ဆိတ်ပင်ကြီးမှ ညောင်မြစ်ကြီးကိုခိုဆင်းကာ အရင်ရောက်နေခြင်းဖြစ်နေတာတွေ့ရ၏၊ ထို့ကြောင့် ထိုဘုန်းတော်ကြီးကို ညောင်မြစ်ရဟန္တာဟု သမုတ်ကြတော့၏၊ ယနေ့ခေတ်တွင် ထိုကဲ့သို့ ညောင်မြစ်ရဟန္တာမျိုးတွေ ဒုနဲ့ဒေးပေါများလှ၏၊ ကောလာဟာလများကလည်းပေါများနေ၏၊ ကြော် အောင်ညာပေးသော ကြော်ငြာများကလည်းရှိသေး၏၊ ထို့ကြောင့် ဘာကြောင့်၊ ဘာအတွက် ဘာပြုလို့ရောင်ခြည်တော် လွတ်သည်ဆိုသည်ကို အထက်ပါ ပြောပြခဲ့ သောအကြောင်းတရားများဖြင့် ချိန်ထိုးကာစဉ်းစားဖို့ကောင်းပါသည်။

ရောင်ခြည်တော် ဘယ်နှစ်ပါးလဲ၊

ရောင်ခြည်တော်ဆို၍ ရောင်ခြည်တော်အကြောင်းကိုဆက်ရေးပါဦးမည်၊ ရောင်ခြည်တော်သည် ခြောက်ပါးရှိပါသည်၊ယင်းတို့မှာ-

(၁)နီလရောင်ခြည်တော်=ညိုမောင်းသောနီလရောင်ခြည်တော်သည် ဘုရားရှင်၏ဆံ မုတ်ဆိတ်တော် နှင့် မျက်လုံးတော်အတွင်းက မျက်နက်ဝန်းတော်တို့မှ ညိုသောရောင်ခြည်တော်တို့ ကွန်းမြူးပေါ်ထွက် ပါသည်၊ ထို့အတူပင် အခြားဘုရားရှင်၏ ညိုသောကိုယ်အင်္ဂါအစိတ်အ ပိုင်းတို့မှလည်း ညိုသောရောင် ခြည်တော်တို့ထွက်ပေါ် ကွန့်မြူးပါသည်၊ ထိုရောင်ခြည်တော် ထွက်ပေါ်သောအခါ နီလာကျောက် ရတနာအဆင်း၊ ရွဲညိုအဆင်း၊တဖိတ်ဖိတ်တောက်သော ဖဲပုဝါညိုအဆင်း၊ ကြာညိုပွင့်ချပ်အဆင်း ၊မြရတနာဖြင်ပြုလုပ်ထားသော ယပ်တောင်အဆင်း စသည်နှင့်တူစွာ အလွန်ကြည်နူး ဖွယ်ကောင်း သော ညိုညိုမှောင် မှောင်အရောင်တို့သည် ဘုရားရှင်၏ ၀ဲယာဘက်နှင့် အထက်အောက်ဝန်းကျင် တခွင်၌ အိမ်လုံး၊ တောင်လုံးခန့်လောက်လည်ကောင်း ထိုထက်ကြီးမားစွာလည်းကောင်း အနှံ့အ ပြားကွန့်မြူးကာ အထူးကျက်သရေရှိပါသည်၊

(၂) ပီတရောင်ခြည်တော်=၀ါရွှေသောပီတရောင်ခြည်တော်သည် ဘုရားရှင်၏ ကိုယ်အ ရည်တော်နှင့် မျက်လုံးတော်အထက်က မျက်ခွံတော်တို့မှ ၀ါဝါ၀င်းဝင်းရွှေအဆင်းကဲ့သို့ ထွက် တော်မူပါသည်၊

ထိုပီတရောင်ခြည်ထွက်တော်မူသေအခါ သိင်္ဂိရွှေအဆင်း၊ ရွှေပြားရွှေထည်အဆင်း၊ တသွင်သွင်စီး သွားသော ရွှေရည်အဆင်း၊ရွှေပန်းအဆင်းစသည်နှင့်တူစွာ ဘုရားရှင်၏ ထက်အောက်ဝဲယာ အိမ်လုံး၊ တောင်လုံးခန့်လည်းကောင်း ထိုထက်ကြီးမားကာလည်ကောင်း အနှံ့အပြားလူးလာခေါက်တုန့် ကွန့်မြူးကြပါသည်၊

(၃)သြဒါတရောင်ခြည်တော်=ဖြူဖွေးသန့်စင်သော သြဒါတရောင်ခြည်တော်သည် ဘုရားရှင်၏ အ သားတော် အတွင်၌ရှိသော အရိုးတော်၊ အသွားတော်၊ မျက်ဖြူတော်တို့မှ လွန်စွာဖြူဝင်းသန့်စင်သော ရောင်ခြည်တော်တို့သည် ငွေအရောင်၊ ငွေပြားအရောင် စသည်နှင့်တူစွာ အထက်ပါရောင်ခြည်တော် တို့ကဲ့သို့ပင် ဘုရားရှင်၏ ထက်အောက်ဝဲယာစုံဆန်က ကွန့်မြူးပေါ် ထွက်ကြပါသည်၊

(၄)လောဟိတရောင်ခြည်တော်= နီထွေးသောလောဟိတရောင်ခြည်တော်သည် ဘုရားရှင်၏ ကိုယ် ရေတော်အတွင်းက အသားတော်အသွေးတော်နှင့် နှုတ်ခမ်းတော်စသည့် နီထွေးသော အရပ်တို့မှ ကမ္ဗလာနီအဆင်း၊ သန္တာရတနာအဆင်း၊ ကြာနီပွင့်အဆင်း၊ ပတ္တမြားယပ်အဆင်းစသည်တို့နှင့်တူစွာ ဘုရားရှင်၏ ထက်အောက်ဝဲယာ အထက်ပါ ရောင်ခြည်တော် တို့ကဲ့သို့ ကွန့်မြူးပေါ်ထွက်ကြပါသည်၊

(၅)မဉ္ဇိဋ္ဌရောင်ခြည်တော်= မောင်းသောအဆင်းရှိသောရောင်ခြည်တော်သည် ဘုရားရှင်၏ အ၀ါဖက် လည်းမကျ အနီရင့်ဖက်လည်းမကျ နီနီကျင်ကျင်ဝါကျင့်ကျင့်ရှိသော ကိုယ်အင်္ဂါအရပ်ရပ်မှ အ၀ါရင့် ပန်းရောင်ပုံစံ အနီနုပန်းရောင်ပုံစံ ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော်တို့သည် ဘုရားရှင်၏ ထက်အောက်ဝဲယာ အထက်ပါ ရောင်ခြည်တော်တို့ နည်းတူစွာ ကွန့်မြူးကြပါသည်၊

(၆)ပဘဿရရောင်ခြည်တော်= ပြိုးပြိုးပြက်ပြက်ထွက်သော ရောင်ခြည်သည် ဘုရားရှင်၏ခန္ဓာကိုယ်မှ အထူးတလည်ထွက်ပေါ်သော ရောင်ခြည်တော်မဟုတ်ပါ၊ ယခင်ထွက်ပေါ်ပြီးသောရောင်ခြည်တော်တို့ ပေါင်းစပ်မိရာမှ ထွက်ပေါ်လာသောရောင်ခြည်တော်ဖြစ်ပါသည်၊ ထွက်တော်မူပုံထူးခြားသောကြောင့် ရောင်ခြည်တော်တစ်ပါးအဖြစ်ရေတွက်ထားခြင်းဖြစ်ပါသည်၊

ပြောပြခဲ့သလိုပင် ရောင်ခြည်တော်တို့သည် ဘုရာရှင်၏ခန္ဓာကိုယ်အစိတ်အပိုင်းတို့မှ အတွင်းစိတ် တော်၏သန့်ရှင်းမှုကြောင့် တန်ခိုးတော်အစွမ်းဖြင့်ထွက်ပေါ်လာခြင်းဖြစ်ပါသည်၊ ဘုရားဆင်းတု ၊ပုထိုး များကို လရောင် မီးရောင်ဟပ်သဖြင့်ပေါ်ထွက်လာသော အရောင်မျိုးများမဟုတ်ကြပါ၊ သို့ဖြစ်ပါ၍ စာဖတ်သူလည်း ရောင်ခြည်တော်လွှတ်မှုနှင့်စပ်လျှင်း၍ စဉ်းစာနိုင်လောက်ပြီးဟုယူဆမိပါသည်၊၊

နောက်များ ရောင်ခြည်တော်လွှတ်တယ်ကြော်ငြာတိုင်း သွားမ၀ိုင်းမိပါစေကြောင်း ဆုတောင်းလိုက်ရ ပါသတည်း။ ။

0 comments:

Post a Comment